အမေရိကန်နှင့် ဂျပန်ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုး

တိုကျို ၂၆ စက်တင်ဘာ

ဂျပန်နှင့် အမေရိကန်နိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုတွင် နောက်ဆုံးသဘောတူညီချက်တစ်ခု ရရှိလာပြီဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် သဘောတူညီချက်ကို အတည်ပြုပြီးနောက် ပူးတွဲကြေညာချက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ကုန်သွယ်ရေးသဘောတူညီချက် စတင်အကျုံးဝင်လာသည့် အချိန်တွင် အမေရိကန်ရှိ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ စီးပွားရေးဆက်သွယ်မှုများလည်း တိုးတက်လာမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားလိုက်သည်။ ကုန်သွယ်ရေးသဘော တူညီချက်သည် အမေရိကန်နှင့် ဂျပန်နှစ်နိုင်ငံလုံးအတွက် အောင်မြင်မှုတစ်ရပ်ဖြစ်လာမည်ဟု ယုံကြည်ကြောင်း ရှင်ဇိုအာဘေးက ဆက်လက်ပြောကြားလိုက်သည်။

အမေရိကန်မှ အမဲသား၊ ဝက်သား၊ ဂျုံ၊ ချိစ်၊ ပြောင်း၊ ဝိုင်နှင့် အခြားပစ္စည်းများအတွက် ဂျပန်နိုင်ငံ၏ အခွန်စည်းကြပ်မှုများသည် သိသာစွာနည်းကြောင်း သို့မဟုတ် မရှိသလောက်သာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။ ယင်းအချက်မှာ အမေရိကန် လယ်သမားများ၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ တောင်သူများအတွက် တကယ့်ကြီးမားသည့် အောင်မြင်မှုပင်ဖြစ်ကြောင်း၊ ၎င်းတို့၏ အောင်မြင်မှုသည် မိမိအတွက်လည်း အရေးပါကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။

နှစ်နိုင်ငံသဘောတူညီချက်အရ ဂျပန်နိုင်ငံသည် အမေရိကန် လယ်ယာထွက်ကုန် ပစ္စည်းများအတွက် ပမာဏတစ်ခုအထိ ဈေးကွက် ဖွင့်လှစ်ထားရမည်ဖြစ်ကြောင်း သိရသော်လည်း ပစိဖိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုစာချုပ်ကို ကျော်လွန်သည်အထိ လုပ်ဆောင်မည်မဟုတ်ကြောင်း သတင်းရရှိသည်။

ဂျပန်နိုင်ငံသည် အမေရိကန်အမဲသား တင်သွင်းမှုအပေါ် အခွန်စည်းကြပ်မှုများကို လတ်တလောတွင် ၃၈ ဒသမ ၅ ရာခိုင် နှုန်းအထိ လျှော့ချထားကြောင်း သိရသည်။ ထို့အတူ သွင်းကုန်အပေါ် အခွန်စည်းကြပ်မှုများကိုလည်း စာချုပ်အရ ကိုးရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အတူ အမေရိကန် ဝက်သားတင်သွင်းမှုအပေါ်လည်း အခွန်များ လျှော့ချမည်ဖြစ်သည်။

ဂျပန်နိုင်ငံသို့ အမေရိကန်ဆန်တင်သွင်းမှုကိုလည်း နှစ်စဉ် ဝေပုံကျ ဆန်တန်ချိန် ၇၀ဝဝဝ အထိ အခွန်ကင်းလွတ်ခွင့် မသတ်မှတ်ဖို့ နှစ်နိုင်ငံအနေဖြင့် သဘောတူခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံအနေဖြင့် ကားများနှင့် ကားပစ္စည်းဆိုင်ရာများတွင် အခွန်စည်းကြပ်မှုနှင့် ပတ်သက်ပြီး ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။

အင်န်အိတ်ချ်ကေ