အမေရိကန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်စတင်ခဲ့ဟု တာလီဘန်အဖွဲ့ ပြော

အမေရိကန်ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ခဲ့ကြောင်း တာလီဘန် အကြီးတန်းအဖွဲ့ဝင်များက အတည်ပြုပြောကြားခဲ့သည်။

 

၄င်းတို့က ယခုလ အစောပိုင်းက နိုင်ငံရေးရုံးတစ်ခုရှိရာ ကာတာနိုင်ငံမြို့တော် ဒိုဟာတွင် အထူးသံတမန် Zalmay Khalilzad အပါအဝင် အမေရိကန်ဘက်မှ ညှိနှိုင်းရေးမှူးများနှင့် တွေ့ဆုံခဲ့ကြောင်း ၎င်းတို့က NHK သို့ ပြောကြားခဲ့သည်။

 

4

 

အာဖဂန်နစ္စတန်ရှိ အကြမ်းဖက်မှုများကို လျော့ချရန်နှင့် အပစ်အခတ်ရပ်စဲရန် နည်းလမ်းများနှင့် ပတ်သက်ပြီး အကြိတ်အနယ်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

 

တာလီဘန် တိုက်ခိုက်ရေးသမားများ ပါဝင်မည့် အကျဉ်းသားလဲလှယ်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်နှစ်ကလည်း အမေရိကန်တပ်ဖွဲ့ဝင် တစ်စိတ်တစ်ပိုင်းကို ရုပ်သိမ်းခြင်းအပါအဝင် ငြိမ်းချမ်းရေးအစီအစဉ်မူကြမ်းအား မူအရ သဘောတူညီခဲ့ပြီး အမေရိကန် အစိုးရသည် တာလီဘန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

 

ကဘူးလ်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် အမေရိကန်စစ်သားတစ်ဉီးအပါအဝင် လူ ၁၂ ဉီး သေဆုံးခဲ့သည့် တိုက်ခိုက်မှုအပြီး စက်တင်ဘာလအတွင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဆွေးနွေးပွဲများကို ရပ်ဆိုင်းခဲ့သည်။

 

တိုက်ခိုက်မှုမှာ ၄င်းတို့လက်ချက်ဖြစ်ကြောင်း တာလီဘန်အဖွဲ့က ပြောဆိုခဲ့သည်။

 

အမေရိကန်တက္ကသိုလ် ပါမောက္ခအပါအဝင် ဓာစားခံနှစ်ဉီးကို တာလီဘန်များက ပြန်လည်လွှတ်ပေး ပြီးသည်နောက် ယခုလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် မျှော်လင့်ချက်များ မြင့်တက်လာခဲ့သည်။

 

အာဖဂန်အစိုးရက တာလီဘန် အကြီးတန်းအဖွဲ့ဝင် သုံးဉီးကို လွှတ်ပေးပြီးနောက် အဆိုပါ ပြောင်းလဲမှု ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

အာဖဂန်နစ္စတန်သို့ အံ့အားသင့်ဖွယ် လာရောက်လည်ပတ်မည်ဖြစ်ပြီး  အမေရိကန်တပ်များနှင့်အတူ ခရစ္စမတ်အားလပ်ရက်များကို ကျင်းပမည်ဖြစ်သည်။  ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုလည်း  ပြန်လည်စတင်မည်ဖြစ်ကြောင်း ယမန်နေ့က ထရန့်က ကြေညာခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်