အမေရိကန်နှင့် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံ

ဝါရှင်တန် ၉ သြဂုတ်

အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါနှင့် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးတို့ မြောက်ကိုရီးယားနှင့် အခြားကိစ္စရပ်များဆွေးနွေးရန် တောင်ကိုရီးယား၌ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးအက်စ်ပါသည် တောင်ကိုရီးယားနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဂျုံကျုံဒူးနှင့် သြဂုတ် ၉ ရက် နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးမှု စတင်ခဲ့သည်။ မြောက်ကိုရီးယားအရေးတွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့က ၎င်းတို့တတ်နိုင်သည့်ဘက်မှ ပူးပေါင်းဆောင်ရွက်ကြရန် ရည်ရွယ်လျက် တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံခဲ့မှုအတွင်း မြောက်ကိုရီးယားနိုင်ငံက တာတိုပစ်ဒုံးကျည်များကို ပြီးခဲ့သည့်လမှစတင်ကာ မကြာခဏ စမ်းသပ်ပစ်ခတ်မှုများ ပြုလုပ်နေမှုကို မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက်သွားမည်နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ခဲ့ကြဟန်ရှိကြောင်း သိရသည်။ ကာကွယ်ရေးဝန်ကြီးနှစ်ဦးတို့သည် ဟော်မုဇ်ရေလက်ကြား၌ သင်္ဘောများသွားလာမှုကို ကာကွယ်ရန် အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာ မစ်ရှင်၌ တောင်ကိုရီးယား ပူးပေါင်းပါဝင်နိုင်ဖွယ်ရှိမှုနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ