အမေရိကန်နှင့် တရုတ် အဆင့်တစ်ကုန်သွယ်ရေးစာချုပ် လက်မှတ်ရေးထိုး

ဝါရှင်တန် ၁၇ ဇန်နဝါရီ

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့သည် နှစ်နှစ် နီးပါးကြာ တင်းမာမှုများဖြစ်ပွားပြီးနောက် ယမန်နေ့က ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။

အဆိုပါ “အဆင့်တစ်” သဘောတူညီချက်မှာ စွပ်စွဲ ပြစ်တင်မှုနှင့် ယခုနှစ်အတွင်း မဲဆွယ်စည်းရုံးမှုတွင် ပြင်းထန်သောယှဉ်ပြိုင်မှုရင်ဆိုင်နေရသည့် ဒေါ်နယ်ထရမ့် အတွက် ကျက်သရေမင်္ဂလာတစ်ခုဖြစ်ပြီး သမ္မတထရမ့်က ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက်ကို အလွန်အရေးပါကြောင်း ကြိုဆိုဂုဏ်ပြုလိုက်သည်။ တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၅၀ဝ ဘီလီယံကျော် တန်ကြေးရှိ သွင်းကုန်များ၏ သုံးပုံနှစ်ပုံအပေါ် စည်းကြပ်ခွန်များရှိနေဆဲ ဖြစ်သည်။ သဘောတူညီချက်တွင် အမေရိကန် လယ်ယာ ထုတ်ကုန်များနှင့် အခြားပို့ကုန်များကို နှစ်နှစ်ကြာတိုးမြှင့် ဝယ်ယူမည့် တရုတ်နိုင်ငံ၏ ကတိကဝတ်များ ပါရှိသည့်အပြင် အမေရိကန်နည်းပညာအတွက် အကာအကွယ်ပေးမှုများ၊ တရုတ်နိုင်ငံက လက်တုံ့မပြန်နိုင်စေရန် အမေရိကန် နိုင်ငံက ဒဏ်ငွေပြစ်ဒဏ်များ မြန်မြန်ဆန်ဆန် အရေးယူမှုများ ပြုလုပ်ခွင့်ပြုထားသည့် လုပ်ထုံးလုပ်နည်းအသစ်များ ထည့်သွင်းထားသည်။

“တရားမျှတပြီး အပြန်အလှန်ရှိတဲ့ ကုန်သွယ်မှုတစ်ခုဖြစ်စေမယ့် တရုတ်နိုင်ငံနဲ့ ဘယ်အခါမှမရှိခဲ့ဖူးသော အလွန်အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ကို ဒီကနေ့ ကျွန်တော်တို့ စတင်လိုက်ပါပြီ” ဟု အိမ်ဖြူတော်၌ ကျင်းပသော လက်မှတ် ရေးထိုးပွဲအခမ်းအနား၌ သမ္မတဒေါ်နယ်ထရမ့်က ပြောကြားသည်။ အမေရိကန်နှင့် တရုတ်ကြား ကုန်သွယ်ရေးပွတ်တိုက်မှုများ ဖြေလျှော့လာခြင်းကြောင့် မကြာသေးမီ သီတင်းပတ် များအတွင်း ကမ္ဘာတစ်ဝန်းရှိ စတော့ဈေးကွက်များ ထိုးတက်သွားခဲ့သည်။ သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် အာရှတိုက်ရှိ ဈေးကွက်အများစု စံချိန်တင်မြင့်တက်လာခဲ့သည်။ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ် လိုက်သီဇာ၊ ဘဏ္ဍာရေးဝန်ကြီး စတီဗင်မြူချင်နှင့် တရုတ် နိုင်ငံ၏ စေ့စပ်ဆွေးနွေးမှုများတွင် ဦးဆောင်ခဲ့သူ တရုတ် ဒုတိယဝန်ကြီးချုပ် ဗျူးဟေးနှင့် သဘောတူညီချက်ကို သမ္မတဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ဒေါ်နယ်ထရမ့်က တရုတ်သမ္မတရှီကျင့်ဖျင်ကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး မကြာမီအချိန်တွင် ပေကျင်းမြို့တော်သို့ သွားရောက် လည်ပတ်မည်ဟု ပြောကြားခဲ့သည်။ ဒုတိယ ဝန်ကြီးချုပ် ဗျူဟေးဖတ်ကြားခဲ့ သည့် သမ္မတထရမ့်ထံပေးအပ်သည့် စာတစ်စောင်တွင် တရုတ်သမ္မတရှီကျင့်ဖျင်က ယခုရရှိခဲ့သော သဘောတူညီချက်မှာ တရုတ်နိုင်ငံအတွက်သာမက အမေရိကန်နှင့် တစ်ကမ္ဘာလုံးအတွက် ကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား - အေအက်ဖ်ပီ ဘာသာပြန် - ကျော်ထိုက်စိုး