အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဘုရားကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွား နှစ်ဦးသေဆုံး

၃၀ ဒီဇင်ဘာ

 

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဖို့တ်ဝါ့ရှ် မြို့ဆင်ခြေဖုံးရှိ ခရစ်ယာန်ဘုရားကျောင်းတွင် ဝတ်ပြုနေစဉ်အတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် နှစ်ဦး သေဆုံးခဲ့သည်။

 

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ထိုသေနတ်သမားကို ချက်ချင်းပစ်သတ်ခဲ့သည်ဟု ဒေသန္တရ ရဲတပ်ဖွဲ့က ဆိုသည်။

 

ယမန်နေ့မနက်စောပိုင်းက အမျိုးသားတစ်ဦး ထိုဘုရားကျောင်းထဲသို့ ဝင်ရောက်ကာ သေနတ်ဖြင့် နှစ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်ကို ကိုးကားပြီး ဒေသန္တရ မီဒီယာက ဖော်ပြခဲ့သည်။

 

ဘုရားကျောင်းလုံခြုံရေးအစောင့်များက ယင်းသေနတ်သမားကို ပြန်လည်ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

 

တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရပ် အက်ဘော့ က ထိုပစ်ခတ်မှုသည် ယုတ်မာသော အကြမ်းဖက်လုပ်ရပ်တစ်ခုဖြစ်ကြောင်းကို တွစ်တာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

 

ထိုသေနတ်သမား၏ ရည်ရွယ်ချက်ကို စုံစမ်းစစ်ဆေးနေသည် ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို