အမေရိကန်ပြည်ထောင်စု၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသောကလေးငယ် ၁၃ ဒသမ ၆ သန်းကျော်ရှိလာ

လော့စ်အိန်ဂျယ်လိစ် ဇွန် ၂၂

 

အမေရိကန်ပြည်ထောင်စုတစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်မှစ၍ လက်ရှိအချိန်အထိ ကလေးသူငယ် ၁၃ ဒသမ ၆ သန်းကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ကြောင်း အမေရိကန်ကလေးအထူးကုဆေးပညာကျောင်းနှင့် ကလေးများဆေးရုံအဖွဲ့မှ ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ သိရသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရသော အမေရိကန်ကလေးငယ် ၁၃ ဒသမ ၆ သန်းကျော်အနက် ကလေးငယ် ၈၃၀၀၀ ကျော်တို့သည် ဇွန် ၁၆ ရက်က ကုန်ဆုံးသည့်သီတင်းပတ်က ရောဂါကူးစက်ခံခဲ့ခြင်းဖြစ်ပြီး ယမန်နှစ် အလားတူကာလက အမေရိကန်ကလေးများအကြား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁၅၈၀၀ နှင့်နှိုင်းယှဉ်ကြည့်ပါက ရောဂါကူးစက်မှုနှုန်း သိသိသာသာမြင့်တက်လာကြောင်း သိရသည်။ 

 

ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော အမေရိကန်ကလေးငယ်များအနက် ကလေးငယ် ၃၇၁၀၀၀ နီးပါးသည် လွန်ခဲ့သည့်သီတင်းပတ်လေးပတ်အတွင်း ရောဂါကူးစက်ခံခဲ့ခြင်းဖြစ်ပြီး ကလေးငယ် ၅ ဒသမ ၇ သန်းခန့်သည် ယခုနှစ်အတွင်း ရောဂါကူးစက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကူးစက်မြန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သည့်အဖျားကြီးခြင်းနှင့် ကလေးများတွင် ဖြစ်လာနိုင်ဖွယ်ရှိသည့် ကိုဗစ်-၁၉ ရောဂါ၏ ရေရှည်သက်ရောက်မှုကို ချင့်ချိန်အကဲဖြတ်နိုင်ရန် ကလေးအသက်အရွယ်အလိုက် ပိုမိုတိကျသောအချက်အလက်များကို စုဆောင်းထားရန် အရေးတကြီးလိုအပ်ကြောင်း ကလေးအထူးကုဆေးပညာကျောင်းနှင့် ကလေးများဆေးရုံအဖွဲ့က ပြောကြားသည်။

 

လက်ရှိတွင် ကလေးများ၏ကျန်းမာရေးအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ချက်ချင်းသက်ရောက်မှု ရှိနေသည်ကို မိမိတို့အနေဖြင့် အသိအမှတ်ပြုထားရန် အရေးကြီးကြောင်း၊ သို့သော် ဤမျိုးဆက်သစ်ကလေးငယ်များနှင့် လူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဘဝဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရေရှည်သက်ရောက်မှုကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း ကလေးအထူးကု ဆေးပညာကျောင်းနှင့် ကလေးများဆေးရုံအဖွဲ့က ထပ်လောင်းပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ       
ဘာသာပြန် - ဂျေတီ