အမေရိကန်ပြည်ထောင်စု၌ ကလေးသူငယ် ၁၃ သန်းနီးပါး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

လော့စ်အင်ဂျလစ် မေ ၄

အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်မှစ၍ လက်ရှိအချိန်အထိ ကလေးသူငယ် ပေါင်း ၁၃ သန်းနီးပါး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရကြောင်း အမေရိကန်ကလေးအထူးကုဆေးပညာ တက္ကသိုလ်နှင့် ကလေးများဆေးရုံအသင်းက ထုတ်ပြန်သည့်နောက်ဆုံးအချက်အလက်များအရ သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသောကလေးငယ် ၁၃ သန်းနီးပါးအနက် ကလေးငယ် ၁၄၉၀၀၀ ကျော်တို့သည် လွန်ခဲ့သည့်တစ်လအတွင်း ရောဂါကူးစက်ခံခဲ့ရခြင်းဖြစ်ပြီး ယင်းတို့အနက် ကလေးငယ် ငါးသန်းကျော်သည် ၂၀၂၂ ခုနှစ်အတွင်း ရောဂါ ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း မေ ၂ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

အမေရိကန်ပြည်ထောင်စု၌ ကလေးများအကြား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုနှုန်းမှာ နိုင်ငံတစ်ဝန်းကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအားလုံး၏ ၁၉ ရာခိုင်နှုန်းခန့်ရှိကြောင်း အစီရင်ခံစာက ပြသထားသည်။

ထို့အပြင် အမေရိကန်ပြည်ထောင်စုတွင် ဧပြီ ၂၈ ရက်က ကုန်ဆုံးသည့်သီတင်းပတ်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသောကလေးငယ်ဦးရေ ၅၃၀၀၀ ကျော်ရှိပြီး ယင်းသီတင်းပတ်မတိုင်မီသီတင်းပတ်နှစ်ပတ်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေနှင့် နှိုင်းယှဉ်ကြည့်ပါက ၆၀ ရာခိုင်နှုန်းကျော်မြင့်တက်လာသည်ကို တွေ့ရသည်။

ကူးစက်မြန် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သည့်အဖျားကြီးမှုနှင့် ကလေးများအကြားဖြစ်လာနိုင် ဖွယ်ရှိသည့်ကိုဗစ်-၁၉ ရောဂါ၏ ရေရှည်သက်ရောက်မှုများကို အကဲဖြတ်နိုင်ရန် အသက်အရွယ်အလိုက် ပိုမို တိကျသောအချက်အလက်များကို စုဆောင်းထားရန် အရေးတကြီးလိုအပ်လျက်ရှိကြောင်း အမေရိကန်ကလေး အထူးကုဆေးပညာတက္ကသိုလ်နှင့် ကလေးများဆေးရုံအသင်းက ပြောကြားသည်။

ကလေးငယ်များ၏ ကျန်းမာရေးအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ချက်ချင်းသက်ရောက်မှုများရှိနေသည်ကို အသိ အမှတ်ပြုရန် အရေးကြီးကြောင်း၊ သို့သော် ဤမျိုးဆက်သစ်ကလေးငယ်များနှင့် လူငယ်များ၏ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဘဝဆိုင်ရာကိုဗစ်-၁၉ ကပ်ရောဂါ၏ ရေရှည်သက်ရောက်မှုများကို ဖော်ထုတ်ပြီး ကိုင် တွယ်ဖြေရှင်းရန် အရေးတကြီးလိုအပ်လျက်ရှိကြောင်း ကလေးအထူးကုဆေးပညာတက္ကသိုလ်နှင့် ကလေးများ ဆေးဆေးရုံအသင်းက ထပ်လောင်းပြောကြားသည်။

ကိုးကား - ဆင်ဟွာ                  
ဘာသာပြန် - ဂျေတီ