အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးဆက်ဆံမှုကို ဦးစားပေးမည်

ဝါရှင်တန်   ၁၄  ဒီဇင်ဘာ

အမေရိကန်အစိုးရသစ်က တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးဆက်ဆံမှု ပြင်ဆင်ရန် ဦးစားပေးဆောင်ရွက်မည်ဟု ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံက တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုပြုရာတွင် မမျှတဟု ပြောကြားခဲ့ပြီး အသိဉာဏ်မူပိုင်ခွင့် ချိုးဖောက်မှုများ ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းခဲ့သည်။ ဂျိုးဘိုင်ဒင်က အမေရိကန်အစိုးရသစ်တွင် ခန့်အပ်ရန် ရွေးချယ်ထားသူအချို့နှင့်အတူ ဒီလာဝဲပြည်နယ် ဝီလ်မင်တန် မြို့၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ ဂျိုးဘိုင်ဒင်က အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်အဖြစ် အာရှနွယ်ဖွား ကက်သရင်းတိုင်ကို ရွေးချယ်ခဲ့သည်။

ကက်သရင်းတိုင်က စီးပွားရေး၊ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒဆိုင်ရာအဖွဲ့အစည်းများနှင့် အနီးကပ် လက်တွဲဆောင်ရွက်မည်ဟု ဂျိုးဘိုင်ဒင်က ပြောသည်။ အမေရိကန်နိုင်ငံနှင့် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်မည့်အစိုးရတစ်ရပ်တွင် တာဝန်ထမ်းဆောင်ရသည့်အတွက် ဂုဏ်ယူမိကြောင်း ကက်သရင်းတိုင် က ပြောသည်။ သမ္မတဟောင်း ဘားရက်အိုဘားမားလက်ထက်တွင် အမျိုးသားလုံခြုံရေး အကြံပေးတစ်ဦးအဖြစ် တာဝန်ယူခဲ့သူ ဆူဆန်ရိုက်စ်အား အိမ်ဖြူတော် ပြည်တွင်းမူဝါဒကောင်စီကို ဦးဆောင်ရန် လျာထားသည်။

ကပ်ရောဂါ၊ လူမျိုးရေးခွဲခြားမှုနှင့် မမျှတမှုကဲ့သို့သော အကျပ် ၊ အတည်းများ ရင်ဆိုင်နေရသည့် အမေရိကန်နိုင်ငံအနေဖြင့် အားလုံးပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆူဆန်ရိုက်စ်က ပြောသည်။

ကိုးကား-အင်န်အိတ်ချ်ကေ၊

ဘာသာပြန်-ကျော်ထိုက်စိုး