အမေရိကန်သမ္မတ ဘိုင်ဒင်နှင့် ရုရှားသမ္မတ ပူတင်တို့ ယူကရိန်းအရေး ညှိနှိုင်းဆွေးနွေး

ဝါရှင်တန် ဖေဖော်ဝါရီ ၁၄

 

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒင်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့သည် ယူကရိန်းနှင့် စပ်လျဉ်း၍ တင်းမာမှုများ မြင့်တက်နေစဉ် ဖုန်းဖြင့် ဆက်သွယ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း ယမန်နေ့  အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်က ဖော်ပြထားသည်။

 

အမေရိကန်သမ္မတ ဘိုင်ဒင်နှင့် ရုရှားသမ္မတ  ပူတင်တို့အကြား ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြုလုပ်သည့် ညှိနှိုင်းဆွေးနွေးပွဲသည် တစ်နာရီခန့်ကြာမြင့်ခဲ့ကြောင်းလည်း သိရသည်။

 

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအား  ကျူးကျော်မှု ထပ်မံပြုလုပ်ပါက အမေရိကန်နိုင်ငံနှင့်  အခြားသော မဟာမိတ်နိုင်ငံများက တုံ့ပြန်မှုများကို လျင်လျင်မြန်မြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေး ပြောကြားခဲ့သည်။

 

ရုရှားသမ္မတပူတင်အနေဖြင့် ဝါရှင်တန်၏ အမြင်အပေါ် ဂရုတစိုက် လေ့လာဆောင်ရွက်သွားမည်ဖြစ်ပြီး မော်စကို၏ တုံ့ပြန်ဆောင်ရွက်မည့် အသေးစိတ်ကိုလည်း ပြန်လည်ဝေမျှသွားမည်ဖြစ်ကြောင်း ကရင်မလင်တာဝန်ရှိသူက ပြောကြားသည်။

 

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးတို့သည် စေ့စပ်ညှိနှိုင်းမှုများကို ဆက်လက်ဆောင်ရွက်သွားရန်လည်း သဘောတူညီခဲ့ကြကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၂ ရက် တစ်ရက်တည်းမှာပင် ပြင်သစ်သမ္မတ မက်ခရွန်ကလည်း ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

မက်ခရွန်နှင့် ပူတင်တို့သည် ပြင်သစ်နှင့် ဂျာမနီ က ကြားဝင်ဆောင်ရွက်သော ရုရှားနှင့် ယူကရိန်းအကြား ဆွေးနွေးပွဲများကဲ့သို့သော ဆွေးနွေးပွဲများကို ဆက်လက်ပြုလုပ်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အလင်းသစ်