အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အီးယူအကြီးအကဲ၊ အီရတ်သမ္မတတို့နှင့် ဒါဗို့စ်မြို့၌ တွေ့ဆုံ

ဝါရှင်တန် ၂၂ ဇန်နဝါရီ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့သို့ သွားရောက်သည့် ခရီးစဉ်အတွင်း အီရတ်သမ္မတ၊ ဥရောပသမဂ္ဂ အမှုဆောင်အဖွဲ့အကြီးအကဲတို့နှင့် တွေ့ဆုံခဲ့သည်ဟု အိမ်ဖြူတော်က ယနေ့ပြောကြား လိုက်သည်။

သမ္မတဘာဟမ်ဆာလေနှင့် တွေ့ဆုံမှုမှာ ဘဂ္ဂဒက်မြို့တော်၌ အီရန်ထိပ်တန်းဗိုလ်ချုပ် ကြီးတစ်ဦးနှင့် အီရန်လိုလားသော အကြီးတန်း အီရတ်တပ်မှူးတစ်ဦးတို့ကို အမေရိကန်နိုင်ငံက သတ်ဖြတ်ခဲ့ခြင်းကြောင့် တင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သမ္မတ ဒေါ်နယ်ထရမ့် နှင့် အီရတ်တာဝန်ရှိသူများအကြား ပထမဆုံး အကြိမ် တွေ့ဆုံမှုဖြစ်လာခဲ့သည်။ အီရတ်နိုင်ငံ၌ တပ်စွဲထားသော ထောင်နှင့်ချီသည့် အမေရိကန်တပ်ဖွဲ့များကို နှင်ထုတ်ရန် တောင်းဆိုမှု များပြုလုပ်ခဲ့ပြီးနောက် တိုင်းပြည်၏စီးပွားရေးကို ဖျက်ဆီးပစ်ရန် ရည်ရွယ်သည့် အရေးယူမှု များပြုလုပ်မည်ဟု ခြိမ်းခြောက်ခြင်းကို သမ္မတ ဒေါ်နယ်ထရမ့်က တုံ့ပြန်ခဲ့သည်။

နှစ်စဉ်ကျင်းပနေကျ ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်ရန် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့သို့ ရောက်ရှိလာပြီး မနက်ဖြန်တွင် ပြန်လည်ထွက်ခွာမည့် သမ္မတ ဒေါ်နယ်ထရမ့်သည် ဥရောပကော်မရှင်အကြီးအကဲ ဆူဆူလာဗွန်ဒါလေမန်းနှင့်လည်း တွေ့ဆုံခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။ ၎င်းတို့နှစ်ဦး၏ ဆွေးနွေးမှု မှာ အတ္တလန္တိတ်ဖြတ်ကျော်ကုန်သွယ်မှုစစ်ပွဲ ရှောင်ရှားရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ တိုးချဲ့ရန် ပြင်သစ်နှင့် အမေရိကန်နိုင်ငံတို့က သဘောတူညီပြီးနောက် ပြုလုပ်ခဲ့ခြင်းဖြစ် သည်။ သမ္မတဒေါ်နယ်ထရမ့်သည် ပါကစ္စတန် ဝန်ကြီးချုပ် အမ်မရန်ခန်း၊ ဆွစ်ဖက်ဒရေးရှင်း သမ္မတ ဆီမိုနက်တာဆွမ်မာရူဂါ၊ ကာ့ဒ်ခေါင်းဆောင် နီချာဗန်ဘာဇီနီတို့နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

ယခုနှစ်အတွင်း ရာသီဥတုအရေးပေါ် အခြေအနေနှင့် လူမှုရေးဆိုင်ရာတန်းတူညီမျှမှု မရှိခြင်းအပေါ် အလေးထားဆွေးနွေးမည့် ထိုအစည်းအဝေးများကို ဒါဗို့စ်ညီလာခံပြင်ပအဖြစ် ကျင်းပမည်ဖြစ်သည်။

ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်- ကျော်ထိုက်စိုး