အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံကူးစက်ခံရ

 

ဝါရှင်တန် ဇူလိုင် ၃၁

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံကူးစက်ခံရကြောင်း အိမ်ဖြူတော်က ပြောကြားသည်။ သမ္မတဘိုင်ဒင်အနေဖြင့် မည်သည့်ရောဂါလက္ခဏာမှ မခံစားရကြောင်းနှင့် ကောင်းမွန်စွာ ရှိနေကြောင်း တာဝန်ရှိသူများကပြောသည်။ သို့သော်လည်း ဘိုင်ဒင်သည် အိမ်ဖြူတော်တွင် ထပ်မံသီးသန့် ခွဲခြားနေထိုင်ရဦးမည် ဖြစ်သည်။

 

အသက် ၇၉ နှစ်အရွယ်ရှိ ဘိုင်ဒင်သည် ဇူလိုင် ၂၁ ရက်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုခံခဲ့ရပြီး ထပ်မံစစ်ဆေးချက်အရ ယခုသီတင်းပတ်အစောပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်ကြောင်း အဖြေ ထွက်ပေါ်ထားခြင်း ဖြစ်သည်။

 

ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်နှင့် ထပ်ဆောင်းကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားသော ဘိုင်ဒင်သည် ဇူလိုင် ၃၁ ရက်နှင့် ဩဂုတ် ၂ ရက်တွင် ပြည်တွင်းခရီးစဉ်ထွက်ခွာရန် စီစဉ်ထားသော်လည်း နောက်ဆုံးအကြိမ် ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စမ်းသပ်စစ်ဆေးရာတွင် ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိသည့်အတွက် အဆိုပါ ခရီးစဉ်နှစ်ခုကို ဖျက်သိမ်းလိုက်ရကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ