အမေရိကန်သမ္မတ ထရမ့် လုပ်ဆောင်နေသည့် ကမ္ဘာတစ်ဝန်းမှ ကုန်သွယ်ရေးစစ်ပွဲများ

mdn

ခြူးစန္ဒီနွေး - ရေးသားသည်

 

မေ ၃၀ ရက်နေ့မှာပဲ အမေရိကန်သမ္မတ ထရမ့်ဟာ မက္ကဆီကိုနိုင်ငံအပေါ် အခွန်စည်းကြပ်မှုအသစ် ပြုလုပ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ တကယ်တော့ မက္ကဆီကိုဆိုတာ အမေရိကန်ရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံထဲက တစ်ခုပါပဲ

 

ဘက်စုံသုံးနိုင်တဲ့လက်နက်

 

ရွှေ့ပြောင်းနေထိုင်သူတွေဟာ မက္ကဆီကိုနိုင်ငံကိုဖြတ်ပြီး အမေရိကန်အတွင်း ဝင်ရောက်ဖို့ ကြိုးစားမှုတွေ တစ်စတစ်စ များပြားလာတဲ့အတွက် ဒါကိုတားဆီးနိုင်ဖို့ မက္ကဆီကိုအပေါ် အခွန်စည်းကြပ်မှု ပြုလုပ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာပါ။ ဒါကိုကြည့်မယ်ဆိုရင် ထရမ့်ဟာ ကုန်သွယ်ရေးကို ဘက်စုံသုံးနိုင်တဲ့ လက်နက်တစ်ခု အဖြစ် အသုံးပြုနေတယ်ဆိုတာကို တွေ့နိုင်ပါတယ်။ ယနေ့ခေတ်အခါမှာ ထရမ့်ဟာ သူ့ရဲ့ မဟာမိတ်တွေအပေါ်မှာရော ပြိုင်ဘက်တွေအပေါ်မှာပါ ကုန်သွယ်ရေးပဋိပက္ခတွေ ဖန်တီးပြီး လက်စွမ်းပြလျက်ရှိပါတယ်။ လွန်ခဲ့တဲ့ ရှစ်လခန့်တုန်းက ထရမ့်ရဲ့ စေ့စပ် ညှိနှိုင်းသူတွေဟာ မက္ကဆီကိုနဲ့ ကနေဒါအရာရှိတွေနဲ့တွေ့ဆုံပြီး မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်နေရာမှာ တခြားတစ်ခုကို အစားထိုး မယ်လို့ ပြောခဲ့ကြပါတယ်။ စာချုပ်အသစ်အတွက် ကြိုးပမ်းကြစဉ်မှာပဲ အခုလိုခြိမ်း ခြောက်မှုအသစ် ပေါ်ထွက်လာတာဟာ တကယ်ပဲမကောင်းလှပါဘူး။ တကယ်တမ်း ကျတော့ မက္ကဆီကိုဟာ ထရမ့်ရဲ့ တစ်ခုတည်းသော ပစ်မှတ်မဟုတ်ပါဘူး။

 

တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲ

 

တရုတ်နိုင်ငံနဲ့ လတ်တလောမှာဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ ထရမ့်အတွက် အကြီးဆုံးစစ်ပွဲပါပဲ။ ရင်းနှီးမြှုပ်နှံသူတွေနဲ့ စီးပွားရေးပညာရှင်တွေကို ခြိမ်းခြောက် မှုအပေးနိုင်ဆုံးအရာလည်း ဖြစ်ပါတယ်။ နှစ်နိုင်ငံကြား နှစ်စဉ်စီးဆင်းနေတဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုပေါင်း ၇၃၀ ဘီလီယံခန့်ကို ရိုက်ခတ်စေခဲ့ပါတယ်။ အခုအချိန်ထိလည်း အဆုံးသတ်နိုင်မယ့်အလားအလာ မရှိသေးပါဘူး။ ကုန်သွယ်ရေးစစ်ပွဲ ပြီးဆုံးသွားဖို့ နှစ်ဖက်စလုံးကအရာရှိတွေ ဆွေးနွေးညှိနှိုင်းမှု လုပ်ခဲ့ကြပေမယ့် မေလအစောပိုင်းက ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကတော့ အောင်မြင်မှု မရရှိခဲ့ပါဘူး။ အစောပိုင်းက သဘောတူ ထားခဲ့တဲ့ သဘောတူညီမှုတွေကို တရုတ်နိုင်ငံက ပြန်လည်ဆွေးနွေးမယ်လို့ ပြောခဲ့တဲ့ အတွက် မအောင်မမြင်ဖြစ်ရတာလို့ အမေရိကန်ဘက်က စွပ်စွဲခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံက တင်သွင်းမယ့် ၂၀ဝ ဘီလီယံတန် ကုန်ပစ္စည်းတွေကို ၁၀ ရာခိုင်နှုန်း အခွန်စည်းကြပ်တာကနေ ၂၅ ရာခိုင်နှုန်းအထိ တိုးလိုက်ပါတယ်။

 

သက်ရောက်မှုကြီးမား

 

တရုတ်နိုင်ငံဘက်ကလည်း ဒါကိုလက်တုံ့ပြန်ခဲ့ပါတယ်။ ကုန်သွယ်ရေးစစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေဟာ ကြီးမားလှပါတယ်။ တရုတ်နိုင်ငံကလည်း သူတို့ရဲ့ စီးပွားရေးကို ရှေ့ဆက်နိုင်ဖို့၊ အမေရိကန်ဈေးကွက်ပျောက်မသွားဖို့ လိုအပ်ပါတယ်။ အခုအချိန်မှာတော့ တရုတ်ဟာ အမေရိကန်ကို လက်တုံ့ပြန်နိုင်မယ့် နည်းလမ်းတွေကို အစွမ်းကုန်လုပ်ဆောင်နေပါတယ်။

 

ဂျပန်အပေါ် ကုန်သွယ်ရေးခြိမ်းခြောက်မှု

 

ဂျပန်နဲ့ အမေရိကန်ဆက်ဆံရေးကိုတော့ ထရမ့်က အဖိုးတန်လှတဲ့ မဟာမိတ် လို့ တင်စားခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးမျိုး ရှိတာကိုလည်း သဘောကျလှပါတယ်။ ဒီလိုမျိုးဆက်ဆံရေး ကောင်းမွန်လှပေမယ့် ဂျပန်ဟာလည်း ထရမ့်ရဲ့ ကုန်သွယ်ရေးခြိမ်းခြောက်မှုနဲ့ မကင်းပြန်ပါဘူး။ မော်တော် ကားနဲ့ ဆက်စပ်ပစ္စည်းတွေအပေါ်မှာ အခွန်စည်းကြပ်ဖို့ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်း ထားပေမယ့် တကယ်လို့များ ဂျပန်နဲ့ အမေရိကန်တို့အကြား ကုန်သွယ်ရေးသဘော တူညီမှု မရခဲ့ဘူးဆိုရင် ဂျပန်နိုင်ငံရဲ့ ကားတင်ပို့မှုကို အခွန်စည်းကြပ်သွားမယ်လို့ ထရမ့်က ပြောပါတယ်။ အိမ်ဖြူတော်ကလည်း အမေရိကန်လယ်သမားတွေနဲ့ မွေးမြူရေးသမားတွေအတွက် ဂျပန်ဈေးကွက်ကို ရချင်တယ်။ နောက်ပြီးတော့ ဂျပန် ကားကုမ္ပဏီတွေဟာ အမေရိကန်နိုင်ငံအတွင်းမှာ စက်ရုံတွေ လာဆောက်တာကို လိုချင်တယ်။

 

စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရ

 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးအရှိန် ကောင်းလာအောင် နှစ်ပေါင်းအတော်ကြာ ကြိုးပမ်းနေသူဖြစ်ပြီး တရုတ်ဈေးကွက်မှာ စီးပွားရေး အရှိန်နှေးလာတာကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။ တရုတ်ဟာ ဂျပန်ကုန်ပစ္စည်းတွေနဲ့ ကိရိယာတွေကို အဓိကဝယ်ယူသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်ဟာ မစ္စတာ အာဘေးအတွက်တော့ အမေရိကန်နဲ့ သဘော တူညီမှုရဖို့ အရေးကြီးတဲ့အချိန်လည်း ဖြစ်ပါတယ်။

 

မက္ကဆီကိုနှင့် ကုန်သွယ်ရေးပဋိပက္ခ

 

မက္ကဆီကိုနဲ့ ကုန်သွယ်ရေးပဋိပက္ခကတော့ အစောပိုင်းက ပြီးဆုံးသွားပြီလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း မေ ၃၀ ရက်နေ့မှာ ထရမ့်က အခွန်စည်းကြပ်မှု ပြုလုပ်မယ်လို့ ခြိမ်းခြောက်လိုက်တဲ့အခါမှာတော့ အခြေအနေတွေဟာ တစ်မျိုးတစ် မည် ပြောင်းလဲသွားပါတယ်။ အမေရိကန်ကိုဝင်ရောက်လာမယ့် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူလူအုပ်ကြီးကို မက္ကဆီကိုက ကြားဖြတ်မဟန့်တားနိုင်ဘူးဆိုရင် ဇွန် ၁၀ ရက်မှာ အခွန်စည်းကြပ်မှု စတင်မယ်လို့ ကြေညာခဲ့ပါတယ်။ တကယ်လို့များ ထရမ့်ရဲ့ ခြိမ်းခြောက်မှုအတိုင်းသာ အကောင်အထည်ဖော်ခဲ့ရင် နှစ်ဖက်စလုံးက နယ်စပ်တွေမှာ အနှောင့်အယှက်တွေ ဖြစ်လာတော့မှာပါ။

 

အဓိကကုန်သွယ်ရေးမိတ်ဖက်

 

မက္ကဆီကိုဟာ အမေရိကန်ရဲ့ အဓိကကုန်သွယ်ရေးမိတ်ဖက်ထဲက တစ်နိုင်ငံ ဖြစ်ပြီး အခုနှစ် ပထမသုံးလမှာတင် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံကျော် ကုန်သွယ်မှု ပြုလုပ်ခဲ့ကြပါတယ်။ နယ်စပ်မှာ အမေရိကန်ရဲအရာရှိတွေ၊ နယ်စပ် ထိန်းချုပ်ရေးတပ်ဖွဲ့တွေကြောင့် ကုန်ပစ္စည်းတွေ အကြာကြီးစောင့်ရပြီး ကုန်သွယ် ရေးမှာ အတားအဆီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံကို ခြိမ်းခြောက်ခဲ့သလိုပဲ မက္ကဆီကိုကားတင်ပို့မှုတွေကို အခွန်စည်းကြပ်မယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့ပါ တယ်။ အမေရိကန်နဲ့ ဂျပန်ကားကုမ္ပဏီတွေဟာ မက္ကဆီကိုနိုင်ငံအတွင်းမှာ စက်ရုံတွေ တည်ထောင်ထားကြတာပဲ ဖြစ်ပါတယ်။ မက္ကဆီကိုအပေါ် ခြိမ်းခြောက်မှုကြောင့် အမေရိကန်-မက္ကဆီကို-ကနေဒါတို့ရဲ့ ကုန်သွယ်ရေးသဘောတူညီမှု အနာဂတ်ဟာ ဘာတွေဆက်ဖြစ် လာမလဲဆိုတာ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ အမေရိကန်ဟာ မက္ကဆီကိုနဲ့ ကနေဒါက သတ္တုပစ္စည်းတွေ တင်ပို့မှုကို အခွန်စည်းကြပ်မှု ဖယ်ရှား ပေးပြီးသားပါ။

 

ဥရောပအပေါ် အခွန်စည်းကြပ်မှု

 

ဥရောပမှာရှိတဲ့ အမေရိကန်မဟာမိတ်နိုင်ငံတွေက စတီးနဲ့ အလူမီနီယံပစ္စည်း တွေအပေါ် အခွန်စည်းကြပ်မှုကို လွန်ခဲ့တဲ့နှစ်က စတင်ခဲ့ပါတယ်။ နိုင်ငံရပ်ခြားက ကားနဲ့ ကားဆက်စပ်ပစ္စည်းတွေ တင်သွင်းတာဟာ အမေရိကန်ကားလုပ်ငန်းကို ထိခိုက်စေပြီး အမျိုးသားလုံခြုံရေးကို ထိခိုက်စေ တယ်လို့ ထရမ့်က ယုံကြည်ခဲ့ပါတယ်။ နှစ်စဉ် အမေရိကန်ကို တင်သွင်းနေတဲ့ ဥရောပက ကားနဲ့ ကားဆက်စပ် ပစ္စည်းတွေကို အခွန် ၂၅ ရာခိုင်နှုန်းစည်းကြပ်မယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။ ဥရောပဟာ Mercedes- Benz ကားတွေကို ပေါပေါများများတင်ပို့နေတယ်လို့ ထရမ့်က ပြောပါတယ်။ အဲဒီအရွေ့ကြောင့် အလာဘားမားနဲ့ ကယ်လီဖိုးနီးယားပြည်နယ်တို့မှာ ပဋိပက္ခဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Mercedes- Benz နဲ့ BMW ကားတပ်ဆင်ထုတ်လုပ်ရေးစက်ရုံတွေဟာ အဲဒီပြည်နယ်တွေမှာ ရှိကြလို့ပါပဲ။ လွန်ခဲ့တဲ့လကပဲ ဥရောပက ကားနဲ့ ကားဆက်စပ်ပစ္စည်းတွေအပေါ် အခွန်စည်းကြပ်မှုကို နောက်ခြောက်လအထိ ရွှေ့ဆိုင်းမယ်လို့ အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။ ဒီကြားထဲအချိန်တွေမှာ ကုန်သွယ်ရေး သဘောတူညီမှုရအောင် လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

 

ကြားညပ်ခဲ့ရသည့် ကနေဒါ

 

ကနေဒါနဲ့ ကုန်သွယ်ရေးပဋိပက္ခမှာတော့ အဆုံးသတ်နိုင်တော့မယ်လို့ ထင်ရပါတယ်။ NAFTA ကို ပြန်လည်ဆန်းသစ်ထားတဲ့ အမေရိကန်-မက္ကဆီကို-ကနေဒါ သဘောတူညီမှုကိုလည်း ပြုလုပ်နေပါ တယ်။ ကနေဒါဟာလည်း တရုတ်နဲ့ အမေရိကန်တို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲကြား မြေစာပင်ဖြစ်ခဲ့ ရပါတယ်။ ဟွာဝေးကုမ္ပဏီက အကြီးအကဲဖြစ်သူ မန်ဝမ်ကျို့ကို ကနေဒါနိုင်ငံက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက်မှာ တော့ တရုတ်နိုင်ငံဟာ ကနေဒါနိုင်ငံသားနှစ်ဦးကို သူလျှိုမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ နောက်ပြီး ကနေဒါစိုက်ပျိုးရေးထွက်ကုန်တွေအပေါ်မှာ တရုတ်နိုင်ငံဘက်က ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ကုန်သွယ်ရေး စစ်ပွဲကြား ကနေဒါကြားညပ်ခဲ့ရပါတယ်။ ဒါတွေအားလုံးကတော့ သမ္မတထရမ့် က္ဘာတစ်ဝန်းမှာ လုပ်ဆောင်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲတွေဖြစ်ပြီး ကုန်သွယ်ရေး အကျပ်အတည်းကနေ ဘယ်လိုရုန်းထွက်ကြမလဲ ဆိုတာကို ဆက်လက်စောင့်ကြည့် ရဦးမှာပါ။

 

ကိုးကား- နယူးယောက်တိုင်းမ်