အမေရိကန်တို့၏ ဒရုန်းတိုက်ခိုက်မှု နောက်ဆုံးအကြိမ်မဟုတ်ဟု သမ္မတဘိုင်ဒင်ပြော

ဝါရှင်တန် ဩဂုတ် ၃၀

အာဖဂန်နစ္စတန်ရှိ အိုင်အက်စ်အဖွဲ့ အစည်းကို ဆန့်ကျင်မည်ဟု အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ကတိပြုပြောကြားခဲ့သည်။ ကဘူးလ်မြို့လေဆိပ်တွင် အသေခံဗုံးခွဲမှုအတွက် ပြန်လည်လက်တုံ့ပြန်သည့် အနေဖြင့် အိုင်အက်စ်တို့ကို ပစ်မှတ်ထားကာ နောက်ထပ် တိုက်ခိုက်မှုပြုလုပ်သွားမည်ဟု အမေရိကန်သမ္မတက အရိပ်အမြွက်ပြောကြားခဲ့သည်။

အမေရိကန်တပ်ဖွဲ့များသည် အိုင်အက်စ် အိုင်အက်စ်-ကေစစ်သွေးကြွအဖွဲ့ကို ပစ်မှတ်ထားကာ ဒရုန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု အမေရိကန်ဗဟိုကွပ်ကဲရေးဌာနက သြဂုတ် ၂၇ ရက်တွင် ကြေညာခဲ့သည်။

ဩဂုတ် ၂၆ ရက်တွင် အသေခံဗုံးခွဲမှုပြုလုပ် ခဲ့သည်ဟုယူဆရပြီး ယင်းတိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးနှင့် အရပ်သားများစွာ သေကျေပျက်စီးခဲ့ရသည်။ သြဂုတ် ၂၈ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်အရ အဆိုပါ တိုက်ခိုက်မှုတစ်ခုတည်းဖြင့်ပင် ရပ်တန့်သွားမည်မဟုတ်ကြောင်း ရက်စက်စွာ တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူများအားလုံး ပြန်လည်ပေးဆပ်ရအောင် ဆက်လက်ဆောင်ရွက်မည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။

လေဆိပ်တွင် တိုက်ခိုက်ခံရမည့် ခြိမ်းခြောက်မှုမှာ ဆက်လက်ရှိနေဆဲ ဖြစ်သည်ဟု ဘိုင်ဒင်ကပြောသည်။

အင်န်အိတ်ချ်ကေ