အမေရိကန်တွင် လျင်မြန်စွာကူးစက်ပျံ့နှံ့လာသည့် အိုမီခရွန်မျိုးကွဲ XBB.1.5

နှင်းမိုးအိမ်

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည်မှာ သုံးနှစ် အတွင်းဝင်ရောက်လာပြီဖြစ်သည်။ထိုအချိန်တွင် ကိုဗစ်- ၁၉ ၏ ဆင့်ကဲဖြစ်စဉ်များကြောင့် ရောဂါပိုးမွှားဗေဒပညာရှင်များကို အခက်တွေ့စေခဲ့သည်။

လျင်မြန်စွာကူးစက်ပျံ့နှံ့လာ

ယခုအသစ် ဖြစ်ပေါ်နေသည့် အိုမီခရွန်မျိုးကွဲသစ် XBB.1.5 မှာ ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စု၌ လျင်မြန်စွာကူးစက် ပျံ့နှံ့လာခဲ့သည်။ ဇန်နဝါရီ ၆ ရက်အထိ နိုင်ငံ အရှေ့မြောက်ဘက်တွင် ကူးစက်မှုအသစ်များထဲ၌ ၇၂ ရာခိုင်နှုန်းမှာ XBB.1.5 ကြောင့်ဖြစ်သည်။ အမေရိကန်တစ်နိုင်ငံလုံး အနှံ့ကြည့်မည်ဆိုလျှင် ကူးစက်မှု၏ ၂၇ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

တစ်ကမ္ဘာလုံးအနှံ့ ပျံ့နှံ့မည်ဟုခန့်မှန်း

အဆိုပါမျိုးကွဲအသစ်မှာ နယူးယောက်ပြည်နယ်တွင် စတင်တွေ့ရှိလာရသည်။ ယခုအချိန်အထိ တွေ့ရှိလာရသောမျိုးကွဲများထဲတွင် XBB.1.5 မှာ ကူးစက်မှုအလျင်မြန်ဆုံးဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကိုဗစ် -၁၉ နည်းပညာအဖွဲ့ခေါင်းဆောင် မာရီယာဗန် ခါဟို့ဗာက ပြောသည်။ XBB.1.5 မှာ ကမ္ဘာ့နေရာအတော်များများတွင် တွေ့ရှိရခြင်း မရှိသေးချေ။ သို့သော်လည်း အဆိုပါမျိုးကွဲမှာ လျင်လျင်မြန်မြန်ဖြင့် တစ်ကမ္ဘာလုံး အနှံ့ကူးစက်ပျံ့နှံ့သွားလိမ့်မည်ဟု ဘယ်လ်ဂျီယံနိုင်ငံမှ ဆင့်ကဲဖြစ်စဉ် ဇီဝဗေဒပညာရှင် တွန်ဝမ့်စလီယာက ခန့်မှန်းပြောကြားသည်။

နောက်ထပ်လှိုင်းနှင့်ကြုံတွေ့ဖွယ်ရှိ

နောက်ထပ်ကူးစက်မှုလှိုင်းလုံးနှင့် ကြုံတွေ့ရနိုင်ဖွယ်ရှိသည်ဟု ၎င်းက ပြောသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ အကြံပေးများသည် XBB.1.5 ၏ အန္တရာယ် ဖြစ်နိုင်ခြေများကို အကဲဖြတ်နေကြသည်။ လွန်ခဲ့သောတစ်နှစ်ခန့်က အမေရိကန်တွင် ပထမဆုံး အိုမီခရွန်လှိုင်းနှင့် ကြုံတွေ့ခဲ့ရသလိုမျိုး တူညီမှုရှိမည်မဟုတ်ဟု မန်ဆာချူးဆက် အထွေထွေ ရောဂါကုဆေးရုံမှ ကူးစက်ရောဂါဆိုင်ရာ ဆရာဝန် ဂျေကော့လက်မျူက ပြောသည်။

ကူးစက်မှုဆိုးရွားလာနိုင်

သို့သော်လည်း XBB.1.5 ကူးစက်မှုမှာ ဆိုးရွားနိုင်ကြောင်း ၎င်းက သတိပေးထားသည်။ လူများသည် အဆောက်အအုံအတွင်းပိုင်းတွင် လူစုလူဝေးများပြုလုပ်ကြခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမှုမခံယူကြခြင်းတို့ကြောင့် ကူးစက်မှုပို၍ ဆိုးရွားနိုင်သည်ဟု ၎င်းက သတိပေးထားခြင်းဖြစ်သည်။

ကာကွယ်ပေးနိုင်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရသည် XBB.1.5 ကူးစက်မှုကိုစောင့်ကြည့်နေပြီး ပြည်သူများအနေဖြင့်လည်း ရောဂါကာကွယ်ရေးနည်းလမ်း များကိုလုပ်ဆောင်ထားကြရန် တိုက်တွန်းကြောင်း အိမ်ဖြူတော် ကိုဗစ် -၁၉ တိုက်ဖျက်ရေးညှိနှိုင်းရေးမှူး ဒေါက်တာအက်ရှိကေဂျာက ပြောသည်။ ကြိုတင် လေ့လာထားမှုများအရ နှစ်ခါထပ်ဆောင်းကာကွယ် ဆေးထိုးထားသူများသည် XBB နှင့် ၎င်းကဆင်းသက် လာမည့်မျိုးကွဲများကို ကာကွယ်ပေးနိုင်ကြောင်း အကြံပြုထားသည်။
 
ပို၍လျင်မြန်လာ

အမေရိကန်တွင်မူ ဇန်နဝါရီလ ပထမပတ်အတွင်း နောက်ထပ်ကူးစက်ခံရသည့် ကိုဗစ် - ၁၉ ကူးစက်မှုများ၏ ၂၇ ဒသမ ၆ ရာခိုင်နှုန်းမှာ XBB.1.5 မျိုးကွဲဟု အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာက ဇန်နဝါရီ ၆ ရက်တွင် ပြောသည်။ ဒီဇင်ဘာလနှောင်းပိုင်းမှစတင်ကာ အခြားသော အိုမီခရွန်မျိုးကွဲ ကူးစက်မှုများမှာလျော့ကျလာသော်လည်း XBB.1.5 ကူးစက်မှုမှာ လွန်ခဲ့သည့်လကနှင့် နှိုင်းယှဉ်လျှင် ခန့်မှန်းခြေအားဖြင့် ၂ ဒသမ ၃ ရာခိုင်နှုန်းတိုးလာခဲ့သည်။ အိုမီခရွန်မျိုးကွဲကူးစက်မှုမှာ ပို၍လျင်မြန်လာနိုင်ကြောင်း အိမ်ဖြူတော် ကိုဗစ် -၁၉ တိုက်ဖျက်ရေးညှိနှိုင်းရေးမှူး ဒေါက်တာအက်ရှိကေဂျာက ဇန်နဝါရီ ၄ ရက်တွင် ပြောသည်။

လူစုလူဝေးရှောင်ရှားရန် တောင်းဆို

အမေရိကန် ပြည်သူများအနေဖြင့်ကိုဗစ် -၁၉ကို ကာကွယ်နိုင်ရန် အခြေခံလုပ်ဆောင်မှု စနစ်များဖြစ်သည့် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ကိုဗစ် -၁၉ အပိုဆောင်းကာကွယ်ဆေး ထိုးနှံခြင်းများနှင့် အဆောက်အအုံအတွင်း လူစုလူဝေးပြုလုပ်ခြင်းတို့ကို ရှောင်ရှားကြရန် ၎င်းကတောင်းဆိုခဲ့သည်။
အကဲဖြတ်လေ့လာလျက်ရှိသော အမေရိကန်ပြည်ထောင်စုတွင် ဇန်နဝါရီ ၄ ရက်မှစတင်ကာ တစ်ရက်လျှင် ဆေးရုံတက်ရသည့်လူနာဦးရေမှာ ၆၅၀၀ တိုးလျက်ရှိသည်။ သို့သော်လည်း ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစတင်ကာ ကိုဗစ် - ၁၉ ကြောင့် တစ်ရက်အတွင်း သေဆုံးသူဦးရေမှာ ၄၀၀ အောက်ကျဆင်းလျက်ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နည်းပညာပိုင်းဆိုင်ရာအုပ်စုသည် ဗိုင်းရပ်စ်၏ ဆင့်ကဲဖြစ်စဉ်နှင့် မျိုးကွဲအသစ်များကို အကဲဖြတ်လေ့လာလျက်ရှိသည်။

ကာကွယ်ဆေးထိုးရန် သတိပေးထား

အဆိုပါ အုပ်စုသည် ဓာတ်ခွဲခန်းလေ့လာမှုများနှင့် လူထုများကြားမှရရှိသည့် အချက်အလက်များကို အသုံးပြုကာ XBB နှင့် XBB. 1.5 တို့၏ ဆင့်ကဲ ဖြစ်စဉ်များကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်။ လာမည့်ရက်ပိုင်းအတွင်း အစီရင်ခံစာကို ထုတ်ဝေ နိုင်မည်ဟု ခန့်မှန်းထားသည်။ ပြည်သူများအနေဖြင့်လည်း ထပ်ဆောင်းကာကွယ်ဆေး ထိုးထားကြရန် အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက ထပ်မံသတိပေးထားသည်။

နှစ်စဉ်လုပ်ဆောင်ရန် ရည်မှန်းထား

အမေရိကန်တွင် လူဦးရေ ၇၀ ရာခိုင်နှုန်းသာ ကိုဗစ် - ၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးရသေးသည်။ အသက် ငါးနှစ်အထက် ထပ်ဆောင်းကာကွယ်ဆေး ထိုးပြီးသည့် အရေအတွက်မှာ ၁၅ ဒသမ ၄ ရာခိုင်နှုန်း သာရှိသည်။ အသက် ၆၅ နှစ်နှင့်အထက်များမှာ ကိုဗစ် - ၁၉ ကူးစက်မှုတွင် အန္တရာယ်ရှိသည့်အသက် အုပ်စုဖြစ်ပြီး ယင်းအသက်အုပ်စုမှာ ကာကွယ်ဆေးထိုးထားသည့် ရာခိုင်နှုန်းမြင့်မားသည်။ အသက် ၆၅ နှစ်နှင့်အထက် ထပ်ဆောင်းကာကွယ်ဆေး ထိုးထားသည့်ဦးရေမှာ ၃၈ ဒသမ ၁ ရာခိုင်နှုန်းရှိသည်။ အမေရိကန်အစိုးရသည်လည်း ကိုဗစ် -၁၉ ကာကွယ် ဆေးထိုးကြရန် နှစ်စဉ်စည်းရုံးမှုကို လုပ်ဆောင်ရန် ရည်မှန်းထားသည်။

ဆွေးနွေးခဲ့

အမေရိကန်နိုင်ငံသားများအနေဖြင့်လည်း ကာကွယ်ဆေးထိုးထားပါက  မိမိကိုယ်ကို ကာကွယ်နိုင်မည်ဖြစ်သည်။ ကာကွယ်ဆေးမထိုးထားလျှင်မူ မိမိကိုယ်တိုင်သာမက အခြားသူများကိုပါ မလိုလားအပ်သည့် အန္တရာယ်ဖြစ်လာစေနိုင်သည်ဟု ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် အမေရိကန်သမ္မတက ဆွေးနွေးခဲ့သည်။  ။

ကိုးကား-သည်နယူးယောက်တိုင်းမ်