အမေရိကန်တပ်ဖွဲ့ဝင်များ ကဘူးလ်လေဆိပ်မှ စတင်ဆုတ်ခွာ

ကဘူးလ် ဩဂုတ် ၃၀

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်လေဆိပ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်တချို့သည် ကဘူးလ်လေဆိပ်မှ စတင်ဆုတ်ခွာနေပြီဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။

အမေရိကန်စစ်ဘက်က အာဖဂန်နစ္စတန်နိုင်ငံမှ တပ်ဖွဲ့ဝင်များအား ဩဂုတ် ၃၁ ရက် နောက်ဆုံးထား၍ ရုပ်သိမ်းသွားမည့် အစီအစဉ်ကို စတင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ယနေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားသည်။

ထို့ပြင် အာဖဂန်နစ္စတန်နိုင်ငံမှ ဆုတ်ခွာရန် ကျန်ရှိနေသေးသည့် အမေရိကန်နိုင်ငံသား အရေအတွက်သည်လည်း ၃၅၀အောက်သို့ ကျဆင်းသွားပြီ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

အမေရိကန်နိုင်ငံသည် ဩဂုတ် ၂၈ ရက် အစောပိုင်းမှစတင်ကာ ၂၄ နာရီအတွင်း အကြမ်းဖျင်းအားဖြင့် လူဦးရေ ၆၈၀၀ အား ကဘူးလ်မြို့မှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။

အဆိုပါ အရေအတွက်သည် ဩဂုတ် ၂၇ ရက်တွင် ကဘူးလ်မြို့မှဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သူ အရေအတွက်၏ တစ်ဝက်ဖြစ်ပြီး အာဖဂန်နစ္စတန်ဘာသာပြန်များနှင့် အခြားဒေသတွင်း မဟာမိတ်များ ပါဝင်ကြောင်း သိရသည်။

ဩဂုတ် ၂၆ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ကဘူးလ်လေဆိပ်အနီးတစ်ဝိုက်တွင် အကြမ်းဖက်တိုက်ခိုက်မှုများအား သတိထားစောင့်ကြည့်မှုတွေမြင့်တက်လာလျက်ရှိပြီး အဆိုပါ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် အမေရိကန် တပ်ဖွဲ့ဝင် ၁၃ ဦးနှင့် အရပ်သား အများအပြားသေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကဘူးလ်လေဆိပ်၌ ကျန်ရှိနေသေးသည့် အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက်နှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်းမပြုရန် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက မီဒီယာများအား တောင်းဆိုထားကြောင်း သိရသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အလင်းသစ်