အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းနှင့် သိမ်းဆည်းခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများရရှိစေရန် အသိပညာပေး လှုပ်ရှားမှု ဆောင်ရွက်

မင်းဘူး၊ ဇွန် ၁၉

 

မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးပြီး မိမိတို့သုံးဆွဲထားသော အမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ်ခြင်းနှင့် သိမ်းဆည်းခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများ ဆောင်ရွက်တတ်စေရန် အသိပညာပေးလှုပ်ရှားမှု အစီအစဉ်ကို ယနေ့နံနက် ၉ နာရီက မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အ.ထ.က (ခွဲ) မြို့မကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဦးစွာ မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်မင်းထက်က အဖွင့်အမှာစကား ပြောကြားပြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာများအပြင် သုတ၊ ရသ စသော ပြင်ပဗဟုသုတရရှိစေမည့် စာပေများလည်း ဖတ်ရှုကြရန်နှင့် စာပေဖတ်ရှုခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်အေးမြင့်မြတ်ကိုက အသိပညာပေး လှုပ်ရှားမှုအစီအစဉ်များ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးပြီး မိမိတို့သုံးဆွဲထားသော အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းနှင့် သိမ်းဆည်းခြင်းဆိုင်ရာ အလေ့ကျင့်ကောင်းများ ဆောင်ရွက်တတ်စေရန် ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

 

ဆက်လက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူလေးများအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဗဟုသုတ မေးခွန်းများကို မေးမြန်း၍ အဖြေမှန်ဖြေကြားသူများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ဇေယျာထက် (မင်းဘူး)