နေပြည်တော် မတ် ၂၁
အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီ (National Complaints Mechanism – NCM) အစည်းအဝေးကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်၊ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား အကောင် အထည်ဖော်ရေး အမျိုးသားကော်မတီ (National Complaints Mechanism – NCM)ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှု ဆိုင်ရာတိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီဝင်များ တက်ရောက်သည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအစိုးရနှင့် ILO တို့ SU ယန္တရားအရ လက်မှတ်ရေးထိုး အကောင်အထည်ဖော်ခဲ့သော ပူးတွဲတိုင်ကြားမှုယန္တရားမှာ ၂၀၁၈ခုနှစ် ဒီဇင်ဘာ၃၁ ရက်တွင် သက်တမ်း ကုန်ဆုံးခဲ့သဖြင့် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ဌာနေ အစီအစဉ် (Decent Work Country Programme – DWCP) (2018-2021) အရ အဓမ္မခိုင်းစေမှုပပျောက်ရေးကို မိမိနိုင်ငံအစီအစဉ်ဖြင့် ဆောင်ရွက်ရန် အဓမ္မစေခိုင်းမှုပပျောက်ရေး လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၁) ကို ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ(National Complaints Mechanism – NCM) အနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် ILO ကြား ၂၀၀၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ သည့် MoU ၏ နောက်ဆက်တွဲ နားလည်မှုစာချွန်လွှာ (Supplementary Understanding – SU) အရ ၂၀၀၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း တိုင်ကြား ခဲ့သောလက်ကျန်အမှုများ၊ NCM မထူ ထောင်မီကြားကာလ ယန္တရား (၂၀၁၉ ခုနှစ်) တွင် လက်ခံရရှိသော လက်ကျန်အမှုများနှင့် ၂၀၂၀ ပြည့်နှစ် NCM ထူထောင်ပြီး လက်ခံရရှိ သည့်အမှုများကို ဖြေရှင်းပိတ်သိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် အမှုများအမြန်ဆုံး ဖြေရှင်းပိတ်သိမ်းနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အမျိုးသားကော်မတီတွဲဖက်ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးဝင်းရှိန်က အဓမ္မခိုင်းစေမှုပပျောက်ရေး အကောင်အထည်ဖော်ဆောင်နေမှု အခြေအနေများကိုလည်းကောင်း၊ အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဉီးတင်ကိုကိုက NCM မှ လက်ခံရရှိသည့်အမှုများအား ဖြေရှင်းဆောင်ရွက်မှုနှင့် ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များမှ အဓမ္မခိုင်းစေမှုပပျောက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသား ကော်မတီ (National Complaints Mechanism – NCM)သည် အဓမ္မခိုင်းစေမှုရှိပါက ပြည်သူများ အနေဖြင့် အလွယ်တကူတိုင်ကြားနိုင်ရန်နှင့် တိုင်ကြားမှုများကို ထိရောက်စွာအရေး ယူဖြေရှင်းနိုင်ရန်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများဆုံးရှုံးမှုမရှိစေရေး အကာအကွယ်ပေးရန်၊ လုပ်အားနှင့်ညီမျှသည့် လုပ်ခလစာရရှိပြီး ဆင်းရဲနွမ်းပါးမှုလျော့ကျကာ လူနေမှုအဆင့်အတန်း မြင့်မားစေရန်နှင့် ထိခိုက်နစ်နာ မှုများကုစားပေးနိုင်ရန်၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၃၀ ခုနှစ်၊ အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၂၉)အပေါ် လိုက်နာကျင့်သုံးနေသည်ကို ILO အပါအဝင် နိုင်ငံတကာအသိုက်အဝန်းသို့ပြသရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်ကာ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၂၉ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းထားရှိကြောင်း သိရသည်။
(သတင်းစဉ်)