အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး (၂ /၂၀၂၂) ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃၀

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၂/၂၀၂၂)ကို ယနေ့နံနက် ၁၀  နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားအဆင့် လူမှုဖူလုံရေး အဖွဲ့ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း က အာမခံအလုပ်သမားများ၏ လူမှုစီးပွား ဖူလုံစေရန်နှင့်  ပိုမိုထိရောက်သည့် အကျိုးခံစား ခွင့်များပေးနိုင်ရန် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံ ရေးဥပဒေအသစ်ကို ရေးဆွဲပြဋ္ဌာန်း၍ လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ကြောင်း၊ ဥပဒေပါ လူမှုဖူလုံရေး အာမခံစနစ်များအရ နိုင်ငံတော်၊ အလုပ်ရှင်နှင့် အလုပ်သမားတို့က စုပေါင်းအာမခံပြီး နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သည့် အလုပ်သမားများ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဖြည့်ဆည်းပေးခြင်းဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို လည်း တစ်ထောင့်တစ်နေရာမှ ထောက်ကူပေးနိုင်မည်ဖြစ်ကြောင်း။ 

အကျုံးဝင်အာမခံအလုပ်သမားပေါင်း (၁ ဒသမ ၂၃)သန်းအတွက် ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များရရှိ ခံစားနိုင်စေရန် အလုပ်သမားဆေးရုံကြီး (၃)ရုံ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များရှိ ရုံးခွဲပေါင်း (၉၉) ရုံး ၊ မြို့နယ် ဆေးခန်းပေါင်း (၉၆) ခန်း ၊ တိုင်းရင်းဆေးခန်း(၁)ခန်းနှင့် ဌာနကြီး ဆေးခန်း (၅၈)ခန်းတို့၌ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေကြောင်း၊ ထို့အတူ ပြင်ပပုဂ္ဂလိက ဆေးခန်းများနှင့် ပူးပေါင်း ၍  PPS စနစ်အရ (Fee for Service Payment) ဆေးခန်း (၁၂)ခန်းနှင့် (Capitation Payment) ဆေးခန်း(၂၄)ခန်းတို့၌ ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ထို့ပြင်  အာမခံအမျိုးသမီး အလုပ်သမားများ၏ မီးဖွားခြင်းဆိုင်ရာ ဝန်ဆောင်မှုများအတွက် (PPS) စနစ်ဖြင့် စာချုပ်ဆေးရုံ/သားဖွားခန်း (၉)ခန်းတို့ကို တိုးချဲ့ဖွင့်လှစ်ပေး ထားပြီး၊ ရွေ့လျားဆေးကုသယာဉ် (MMU) (၂)စီးဖြင့်  အလုပ်ဌာနများသို့အရောက် အခြေခံ   ဓါတ်ခွဲစမ်းသပ်မှုအပါအဝင် ကျန်းမာရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း၊

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း လူမှုဖူလုံရေးစီမံကိန်း အကျုံးဝင်သည့် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်နှင့် အလုပ်သမားများအတွက် ဖြေလျှော့ပေးမှုနှင့် ထောက်ပံ့ပေးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ Quarantine ဝင်ရောက်ရသည့် အာမခံ အလုပ်သမားများအတွက် မကျန်းမာမှုအကျိုးခံစားခွင့် ၆ဝ ရာခိုင်နှုန်းကို   အလုပ်သမား ၆၂၅၂ ဦး အတွက် ငွေကျပ် ၃၇၁ ဒသမ ၄၀၉ သန်း ကိုလည်းကောင်း၊ လူမှုဖူ လုံရေးထောက် ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို   အလုပ်သမား ၁၆၃၆၆၆၄ ဦးအတွက် ငွေကျပ် ၇၁၀၂၀ ဒသမ ၆၁ သန်းကို ခွင့်ပြုထုတ်ပေးခဲ့ပြီး၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အာမခံအလုပ်သမားများအကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ကြောင်း။

ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသခဲ့ခြင်းကြောင့် စိုက်ထုတ်ကုန်ကျခဲ့သည့် ဆေးဖိုးကုန်ကျ စရိတ်များကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ပေးအမ်း လျက်ရှိပြီး အာမခံ အမျိုးသမီးအလုပ်သမားများ၏ မီးဖွားခြင်းအတွက် ကုန်ကျစရိတ်များကို တပြေးညီ ခံစားခွင့်ရရှိနိုင်စေရန် ရိုးရိုးမီးဖွားခြင်းအတွက် ကျပ် ၃၀၀,၀၀၀၊ ခွဲစိတ်မီးဖွားခြင်းအတွက် ကျပ်- ၅၅၀,၀၀၀၊  လေစုပ်/ညှပ်ဆွဲမီးဖွားခြင်း အတွက် ကျပ်- ၃၂၀,၀၀၀၊ ကိုယ်ဝန်ပျက်ကျ ခြင်းအတွက် ကျပ်- ၂၈၀,၀၀၀နှင့် နေရာလွဲမှား သန္ဓေတည် ခြင်းအတွက် ကျပ်- ၅၀၀,၀၀၀   သတ်မှတ်၍ ဆေးဖိုးများ ပြန်လည်ပေးအမ်းလျက်ရှိကြောင်း။

ကမ္ဘာလုံးဆိုင်ရာ တိုးတက်ပြောင်းလဲမှုများနှင့်အညီ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု များပေါ်မူတည်၍ လူမှုဖူလုံရေးအာမခံစနစ်များကို တိုးချဲ့အကောင်အထည်ဖော်သွားရန်၊ IT စနစ်သို့ကူးပြောင်းကျင့်သုံးဆောင်ရွက်သွားကြရန်နှင့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို လည်း ဆက်လက်ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် က ယခင် (၁/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်အကောင်အထည်ဖော်ပြီးစီးမှု၊ လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းဆောင် ရွက်မှုများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဆုံးဖြတ်ရန်အမှာစာများကို လည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာဌာနခွဲများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဝင်းရှိန် နှင့် အမြဲတမ်းအတွင်းဝန်တို့က တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးကြပြီး  အဖွဲ့ဝင်များက အမှာစာများနှင့် ဆုံးဖြတ်ချက်များကို  အတည်ပြုဆွေးနွေးကြသည်။

ထို့နောက် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် က အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၂/၂၀၂၂) တွင် ဆုံးဖြတ်ရန်အချက် (၆)ချက်နှင့် မှတ်တမ်းတင်ရန် အမှာစာစောင်ရေ (၃၄)စောင်တို့ကို  အတည်ပြုချက် ရယူပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်သည်။

ယင်းနောက် အမျိုးသားအဆင့် လူမှုဖူလုံရေး အဖွဲ့ဥက္ကဋ္ဌ က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း၊ အစည်းအဝေးသို့ ညွှန်ကြားရေးမှူး ချုပ်များနှင့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဝင် အစိုးရ ကိုယ်စားလှယ်များ တက်ရောက် ကြပြီး၊ အလုပ်ရှင်/အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက  Online ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်