အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးအတွက် ပြန်လည်ဆက်စပ်မိသည်များ …….

မိုးမြင့်

ယနေ့ကမ္ဘာ့ပြဿနာများကို ဆန်းစစ်ကြည့်လျှင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအရ အားပြိုင်မှုများနှင့် ကမ္ဘာအနှံ့ ဩဇာထူထောင်၊ ပါဝါအပြိုင် တည်ဆောက်ကြခြင်းကို တွေ့ရမည်ဖြစ်သည်။ 

နိုင်ငံရေးအရ ကျောထောက်နောက်ခံပေးပြီး ထင်သာမြင်သာရှိသည့် စစ်ရေးအရ ဝင်စွက်ဖက်မှု ပုံစံမျိုးရှိသကဲ့သို့ နောက်ကွယ်မှ စီးပွားရေးအရ နယ်ချဲ့ပုံစံအမျိုးမျိုးဖြင့် တိုင်းပြည်တစ်ပြည်ကို ကိုယ်လိုချင်သည့်ပုံစံမျိုး ပုံဖော်သိမ်းသွင်းပုံများကို လေ့လာသိရှိထားရန် လိုအပ်ပါသည်။ 

မြန်မာနိုင်ငံ၏ တည်နေရာပထဝီအနေအထားအရ အင်အားကြီးနိုင်ငံများ၏စိတ်ဝင်စားမှု အခံရ ဆုံးနိုင်ငံအဖြစ် အစဉ်အဆက်ဖြစ်ခဲ့သည်။ တရုတ်နိုင်ငံကို ထိန်းချုပ်လိုသည့် အမေရိကန်က မြန်မာနိုင်ငံကို အဓိကပစ်မှတ်ထားသည်။ မြန်မာနိုင်ငံတွင် သူတို့လိုချင်သော ဩဇာခံအစိုးရပေါ်ပေါက်ရေး၊ သူတို့လိုချင်သောအစိုးရမရလျှင် နိုင်ငံအစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပျက်သုဉ်းရေးနည်းလမ်းများက အမေရိကန်နှင့် အနောက်အုပ်စု၏ မဟာဗျူဟာများ ဖြစ်သည်။ ယနေ့အချိန်အထိ သူတို့ခင်းသောလမ်း တွင် ကျင့်သုံးသော ထိုနည်းလမ်းများ ဘယ်အထိ ခရီးရောက်နေပြီလဲ မှန်းဆ၍ရသည်။ ယခုအခါတွင်မူ ပြည်သူများအနေဖြင့် ပစ္စုပ္ပန်ကာလဖြစ်ရပ်အချို့နှင့် အတိတ်ဖြစ်စဉ်များအပေါ် ဆက်စပ်စဉ်းစားပြီး အတိုင်းအတာတစ်ခုအထိ ဝေဖန်ပိုင်းခြားဆန်းစစ် လာနိုင်ကြပြီဟူ၍ ယူဆမိပါသည်။

မရိုးရှင်းသည့် ကမ္ဘာ့ပြဿနာများ

ယနေ့ကမ္ဘာ့ပြဿနာများသည် ရိုးရှင်းစွာ တွက်ဆ၍မရတော့သည့် အခြေအနေများဖြစ်သည်။ ယခုကာလတွင် ဘာကြောင့်ရုရှားနိုင်ငံက ယူကရိန်းအပေါ် အထူးစစ်ဆင်ရေးကြီးတစ်ရပ်ကို အကန့်အသတ်ဖြင့် ဆင်နွှဲနေသလဲ၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့် လောင်စာအကျပ်အတည်းကို ဘယ်သူက စတင်ဖန်တီးခဲ့သလဲ၊ တရုတ်ကိုထိန်းချုပ်ဖို့ ထိုင်ဝမ် ပြဿနာနှင့်အတူ အင်ဒို - ပစိဖိတ်အရွေ့ကို ဘာကြောင့် အမေရိကန်က ဦးဆောင်နေသလဲ၊ နိုင်ဂျာမှာ တပ်က ဘာကြောင့်အာဏာသိမ်းရသလဲ၊ ပါကစ္စတန်မှာ ဒီမိုကရေစီနည်းလမ်းကျ ပြည်သူက ရွေးကောက်တင်‌မြှောက်ထားသော ဝန်ကြီးချုပ် အင်မရာခန်းကို တပ်၏ထောက်ခံမှုဖြင့် ဖြုတ်ချ၊ ထောင်ချမှုတွင် အမေရိကန်တို့ ဘာကြောင့်နှုတ်ဆိတ်နေကြသလဲ၊ တရုတ်ကို ထိုင်ဝမ်နှင့် ထောင်ချောက်ဆင်ထားပြီး မြန်မာနိုင်ငံကို မငြိမ်မသက်ဖြစ်အောင်လုပ်၊ ပြည်တွင်းစစ်မီးမွှေးနေခြင်းမှာ ဘာအတွက်လဲ.. စသည် စသည်ဖြင့် ဇာတ်ညွှန်းများနှင့်အတူ တစ်ဦးတည်းသော ဒါရိုက်တာကိုလည်း မြင်တတ်ဖို့လိုသည်။ 

တရုတ် - အမေရိကန် ထိပ်တိုက်မတွေ့ဘဲ မြန်မာနိုင်ငံမှတစ်ဆင့် ထိန်းချုပ်ဖို့ ကြိုးစားသည့်အခါ မဟာဗျူဟာမြောက် ကြားခံဇုန်ဖြစ်မှန်းမသိ ဖြစ်နေ ရသည့် ဤနိုင်ငံတွင် နိုင်ငံ့အမျိုးသားအကျိုးစီးပွားနှင့်နိုင်ငံ့လုံခြုံရေး မကျိုးပျက်အောင် ဘယ်လောက် ကြိုးစားနေရသလဲ မြင်ကြည့်၊ တွေးကြည့်ဖို့လိုပါသည်။ 

နိုင်ငံနှင့် ပြည်သူအတွက် မကြည့်၊ မိမိအကျိုး၊ မိမိအဖွဲ့အကျိုးကိုသာ ကြည့်တတ်သူများ၏ အဖျက် လုပ်ရပ်များကြောင့် ယနေ့ထိတိုင် မြန်မာပြည်သူများ ဒုက္ခပင်လယ်ဝေဆဲဖြစ်သည်ကို သင်ခန်းစာယူသင့် ပါပြီ။ ကမ္ဘာ့ပြည်သူများလည်း ထို့အတူပင်။ တစ်ဆင့်ပြီးတစ်ဆင့် ရုပ်လုံးကြွဖွံ့ဖြိုးလာသော တရုတ်နိုင်ငံနှင့် ကမ္ဘာ့နံပါတ် (၁) နေရာကို လက်မလွှတ်ချင်သည့် အမေရိကန်၊ စစ်အင်အားချင်း ယှဉ်လာသော ပြိုင်ဘက်ရုရှားနှင့် ကမ္ဘာအနှံ့ အမေရိကန်အကျိုးစီးပွားများ ထိပ်တိုက်တွေ့ကြသည့် အခြေအနေသည် ယခုအချိန်တွင် အဆိုးဆုံး ဖြစ်နေသည်။

သတိလက်လွတ်မဖြစ်ကြရန်လိုအပ်ဆဲ

ယနေ့ ကျွန်ုပ်တို့ နိုင်ငံသားအားလုံး၏တာဝန်မှာ နိုင်ငံရော ပြည်သူပါ အစိတ်စိတ်အမြွှာမြွှာ မပြိုကွဲ၊ မပျက်စီးရေးဖြစ်သလို မြန်မာနိုင်ငံ အလုံးစုံ ပျက်သုဉ်းရေးမှာ ပြည်တွင်း/ ပြည်ပရန်သူတို့၏ အန္တိမရည်မှန်းချက်ဖြစ်သည် ဆိုသည့်အချက်ကို သတိလက်လွတ်မဖြစ်ရန်လိုပြန်သည်။ ကမ္ဘာ တစ်လွှား သူတို့အလိုမရှိသောအစိုးရများ ပြုတ်ကျစေမည့် လျှို့ဝှက်စီမံကိန်းများတွင် မြန်မာနိုင်ငံလည်းပါသည်။ သူတို့လိုချင်သော အစိုးရတက်လာရန်၊ မလိုချင်သောအစိုးရကို ဆန့်ကျင်တိုက်ခိုက်ရန်၊ အစိုးရမပြုတ်လျှင် နိုင်ငံကိုဖျက်ဆီးမည်၊ လုံးဝ အဖတ်ဆယ်မရအောင် ဖျက်မည်၊ မြေပေါ်မြေအောက် ငွေပုံအောပြီး အစိုးရဆန့်ကျင်သူများ၊ NG0s များ၊ ဖောင်ဒေးရှင်းအဖွဲ့အစည်းများ၊ ပါတီများကို ကြီးကြီးမားမား ထောက်ပံ့ခဲ့ကြသည်။

သံရုံးများ၊ သူလျှိုများက ကျောင်းသားလူငယ်ထု၊ စစ်သား၊ ရဲ၊ ဝန်ထမ်းအဆင့်မြင့်သူများအထိ ဘာသာရေးအပါအဝင် လူထုလူတန်းစားအလွှာစုံ၌ မွှေနှောက်ထိုးဖောက် သပ်လျှိုဖြိုခွဲ၊ သွေးခွဲပြီး ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲရုပ်သေးရုပ်များအဖြစ် အသုံးချခဲ့ကြသည်။ လူထုအပေါ် လွှမ်းမိုးသြဇာရှိသူများ (influencers) ကို ရေရှည်မွေးထားပြီး အသုံးချခဲ့သည်ကို သောင်းနှင့်ချီသော သိန်းဂဏန်းငွေကျပ် ပမာဏရှိ သူတို့၏ဘဏ်အကောင့်များက သက်သေခံပြီးဖြစ်သည်။ 

အမှားအမှန် ခွဲခြားနားလည်နိုင်စွမ်းနည်းပါးသည့် GZ အမည်ခံ သွေးဆူလူငယ်လူရွယ်များကား ဆန္ဒပြလူမြင်ကွင်းထဲ ပေါ်လိုက်ပျောက်လိုက် လူလည်များကြားတွင် အသုံးချခံသက်သက် ဖြစ်သွားခဲ့ရသည်။ ဖျက်သိမ်းခံခဲ့ရသည့် လုံခြုံရေး ဆိုင်ရာဥပဒေများ၏ ရလဒ်များဖြစ်သည့် တရားမဝင်ခိုးဝင်များ၊ စိမ့်ဝင်အကြမ်းဖက်များနှင့် ခိုးသွင်းလက်နက်များအတွက် ငွေကြေးပမာဏကြီးမားစွာ ပုံအောအသုံးပြုခဲ့ကြသည်။ ကြိုးဆွဲခံရုပ်သေးများကလည်း ပြည်ပကခိုင်းတာ အကုန်လုပ်သည်။ ဘတ်ဂျက်တွင် ပြည်သူ့အကျိုးပြုကိစ္စများအတွက် ငွေကိုမသုံး၊ သူတို့အကျိုးရှိမည့်ကိစ္စများတွင်မူ ကျပ်သိန်းထောင်ချီသုံးသွားခဲ့သည်၊၊ 

ရန်သူ မိတ်ဆွေ ခွဲခြားမသိလောက်အောင်၊ အကြမ်းဖက်ကို အကြမ်းဖက်မှန်း မသတ်မှတ်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်မှာ သင်ခန်းစာယူစရာ ဖြစ်သည်။ နောက်ဆုံးအမေရိကန်စစ်ပြန် FBR (Free Burma Rangers) ဟုခေါ်သည့် လက်နက်ကိုင် အဖွဲ့များက EAOs များကို လက်နက်ကိုင်အကြမ်း ဖက်သင်တန်းများပေးပြီး အဖျက်လုပ်ရပ်များကို ရက်ရက်စက်စက် ကျူးလွန်နေကြဆဲဖြစ်သည်။ ယခင်ရော၊ ယခုမှာပါ နိုင်ငံတော်နှင့် တိုင်းရင်းသားများ၏ ဘာသာသာသနာ၊ မျိုးချစ်စိတ်ရေခံမြေခံနှင့် အမျိုးသားအကျိုးစီးပွားများ မပျက်ပျက်အောင် ဖျက်ဆီးကြဆဲဖြစ်သည်ကို ... မြင်အောင်ကြည့် သတိထားလုပ်ကိုင်ကြရန်ဖြစ်ပါသည်။

နှစ်ရှည်အဖျက်စီမံကိန်းများနှင့် ဆက်စပ်စဉ်းစားနိုင်

မြန်မာနိုင်ငံနှင့်ပြည်သူများအပေါ် နိုင်ငံခြား တိုင်းပြည်အချို့၏ အဖျက်လုပ်ငန်းများသည် နှစ်ရှည်စီမံကိန်းများဖြစ်၍ ယခင်ရော၊ ယခုရော၊ နောင်တွင်ပါ ဖျက်ဆီးနေကြဦးမည်ဖြစ်သည်။ အမေရိကန်နှင့် ဗြိတိန်တို့သည် မြန်မာနိုင်ငံကို အစဉ် တစိုက်ဖျက်ဆီးရေးတွင် အဓိကကြိုးကိုင်သူ တာဝန်ရှိသူများအဖြစ် တိုက်ရိုက်စွပ်စွဲရမည်သာ ဖြစ်သည်။ မြန်မာနိုင်ငံအရေးတွင် CIA နှင့် MI 6 တို့ သည် အဓိကစပွန်ဆာများဖြစ်ပြီး ဂျော့ဆိုးရော့စ်နှင့် သူ့သား အလက်ဇန္ဒြားဆိုးရော့စ်၊ အတိုင်ပင်ခံ အနီးကပ်စီးပွားရေးအကြံပေး ရှောင်တာနယ်လ်နှင့် ဗြိတိသျှသံရုံးတွင် နေရာပေးခံရသည့် ဂျိုးဖစ်ရှာတို့သည် မြန်မာ့အရေးအရာများတွင် အနီးကပ် ခြယ်လှယ်သူများဖြစ်ခဲ့ကြသည်ကို ယနေ့ပြည်သူ အများစု နားလည်သဘောပေါက်လာကြပေပြီ။ INGO၊ NGO နှင့် ပရဟိတအမည်ခံ ဖောင်ဒေးရှင်း များစွာသည် ဆိုးရော့စ်၏ ငွေကြေးအထောက်ပံ့ခံ အဖွဲ့အစည်းများဖြစ်ခဲ့ပြီး ထိုငွေကြေးများသည် မြန်မာနိုင်ငံအကျိုးစီးပွားအတွက်မဟုတ်၊ မူလ ထောက်ပံ့သူများအတွက်သာ ပြန်လည်အကျိုးပြုခဲ့ခြင်းဖြစ်ပြီး တိုင်းပြည်ပျက်စီးရေးအတွက် အရင်းအနှီးများသာဖြစ်ခဲ့သည်၊၊ 

၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲနှစ်ခုစလုံးတွင် သောင်ပြိုကမ်းပြိုအနိုင်ရရှိမှုများတွင် ဆိုးရော့စ်၏ ငွေကြေးများ ပါဝင်ပတ်သက်မှုနှင့် မကင်းခဲ့ပါ။ ပြည်တွင်း ဘဏ်တစ်ခု၌ တရားမဝင်ငွေကြေးအပ်နှံ၊ ထုတ်သွင်း အရှုပ်အရှင်းများတွင် ဆိုးရော့စ်၏ ဒေါ်လာငွေများပါခဲ့သည်။

သူသည် မြန်မာအစိုးရ၏ အုပ်ချုပ်ရေးများတွင်လည်း ပါဝင်စွက်ဖက်ရန် ကြိုးစားခဲ့သေးသည်။ ဘာကြောင့် ယူခဲ့ကြသည်၊ ဘာကြောင့်ပေးသည်ကို တွေးမိသူရှား လိမ့်မည်။ နိုင်ငံတစ်နိုင်ငံကို အလုံးစုံဖျက်ဆီးလိုလျှင် ဘယ်နေရာကအရင်းအမြစ်ကို ဘယ်လိုဖြိုခွဲရမည် ဆိုသည်ကို နိုင်ငံတကာပြည်တွင်းရေး ပတ်မွှေနေသည့် CIA နှင့် MI 6 တို့က အသိဆုံးဖြစ်သည်။ 

ပြီးခဲ့သည့်အစိုးရလက်ထက် ဝန်ကြီးဌာနအသီး သီးတွင် ဖြန့်ကြက်တာဝန်ပေးခဲ့သော နိုင်ငံခြားသား အကြံပေးများလက်ထဲ မြန်မာနိုင်ငံ လူ့စွမ်းအား၊ စီးပွားရေး၊ စစ်‌ရေးအင်အား ဒေတာအချက်အလက် များ သတင်းပေါက်ကြားချိုးဖောက်ခံခဲ့ရသည့် ဖြစ်စဉ်များနှင့်အတူ မြန်မာပြည်တွင်းရေးတွင် အဓိကခြယ်လှယ်တာဝန်ရှိခဲ့သူမှာ စီးပွားရေးအကြံပေးဆိုသူ ရှောင်တာနယ်လ်ပင်ဖြစ်သည်။ အချက်အလက်များအရ မြန်မာနိုင်ငံကို မြန်မာပြည်သူများက အမှန်တကယ်အုပ်ချုပ်ခဲ့တာဟုတ်ရဲ့လား ထင်မှတ်မှားစရာပင်ဖြစ်သည်။ 

ရှောင်တာနယ်လ်က တရုတ်၏ ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံတန် မြန်မာကျောက်ဖြူ ရေနက် စီမံကိန်းကို အထူးစိတ်ဝင်စားသည်။ ထို့ကြောင့် လည်း ရှောင်တာနယ်လ်ဆိုသူ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ ထိုသို့လုပ်ရပ်မျိုးကို ဘယ်လိုနိုင်ငံမျိုးကမျှ ခွင့်လွှတ်မည်မဟုတ်သည့်အပြင် ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းကမျှလည်း လက်ခံမည်မဟုတ်ပါ။ ထိုသူက စီးပွားရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်းများတွင် အကြံပေးတစ်‌ယောက်ဖြစ်ခဲ့ဖူးသကဲ့သို့ အမေရိကန် ပြည်နယ်ဦးစီးဌာနများ၊ အမေရိကန်အေဂျင်စီများ၊ USAID တို့တွင်လည်း အလုပ်လုပ်သည်။ နိုင်ငံခြား ရေးတွင်လည်း အလုပ်လုပ်သကဲ့သို့ ကမ္ဘာ့ဘဏ်အတွက်လည်း အလုပ်လုပ်သည်။ 

ရှောင်တာနယ်လ်သည် Open Society နှင့် NED (National Endowment for Democracy) တွင်လည်း အလုပ်လုပ်သည်။ ထို့ပြင် US က ထောက်ပံ့ထားသည့် MDI (Myanmar Development Institute) မှတစ်ဆင့် အမေရိကန်၏ မြန်မာပြည် ဖျက်ဆီးရေး နှစ်ရှည်မူဝါဒကို ပုံဖော်ရာတွင် ၂၀၁၀ ပြည့်နှစ်ကတည်းက ထဲထဲဝင်ဝင်ပါဝင်ခဲ့သူဖြစ်သည်။ ထိုအဖွဲ့အစည်းများသည် မြန်မာပြည်ကို ထောင့်ပေါင်းစုံမှ သွယ်ဝိုက်ထိန်းချုပ်နေသည့် ယန္တရားများပင်ဖြစ်သည်။ ထို့ကြောင့်လည်း OS၊ NED၊ MDI စသည့် မြန်မာပြည်ဖျက်ဆီးရေးကွန်ရက် ကြီးကား ကြီးမားလှသည်ဟုဆိုရမည်ဖြစ်ပြီး အမှန်မှာ ခေတ်သစ်ကိုလိုနီနယ်ချဲ့နည်းပုံစံပင်ဖြစ်သည်။ တပ်မဲရုံများ တပ်ပြင်ထုတ်ခံခဲ့ရပြီး တပ်အတွင်း၊ အပြင်အင်အား ရွေးကောက်ပွဲအချက်အလက်များ ပေါက်ကြားအောင် ကြိုးစားခဲ့သည့်အခြေအနေများနှင့်လည်း ဆက်စပ်စဉ်းစားနိုင်ပါသည်။

တကယ်တော့ ယနေ့ကမ္ဘာတွင် လက်သစ် ကိုလိုနီခေတ်၏ သားကောင်များ၊ စနစ်၏ သားကောင်များ သိသလိုလို၊ မသိသလိုလို ဖြစ်မှန်း မသိဖြစ်ခဲ့ရရှာသောသူများ အများအပြားရှိခဲ့ သည်မှာ အထင်အရှားပင်ဖြစ်ပါသည်။ မြန်မာ တိုင်းရင်းသားများသည် ခေတ်သစ်ကိုလိုနီနယ်ချဲ့တို့၏ တစ်ဆင့်ခံအုပ်ချုပ်ရေးပုံစံ၊ သွယ်ဝိုက် အုပ်ချုပ်ခံခဲ့ရသည့်ရုပ်လုံး ယခင်အစိုးရလက်ထက်က တစ်စထက်တစ်စ ပုံပေါ်ခဲ့သည်ဟုသာ သုံးသပ်လိုပါသည်။ သနားစရာကောင်းသည်မှာ ဒီမိုကရေစီ လိုချင်သည့် ရိုးသားသည့်မြန်မာပြည်သူများအနေဖြင့် တကယ်စစ်မှန်ပြီး အနှစ်သာရပြည့်ဝသည့် ဒီမိုကရေစီကို  ရယူပိုင်ဆိုင်ခွင့်မရှိခဲ့ခြင်းပင် ဖြစ်သည်၊၊

ပြည်သူများပေးခဲ့သည့် ဒီမိုကရေစီအစစ်အမှန်ကို မိုက်မဲစွာဖြင့် မည်သူတို့က စွန့်ခွာခဲ့ကြသလဲ၊ စစ်မှန်စည်းကမ်းပြည့်ဝ ဟူသည့်စကားစုတစ်ခုကို ထပ်တိုးပြီး မြန်မာနိုင်ငံ၊ မြန်မာပြည်သူတို့နှင့် ထိုက်တန်သင့်လျော်သည့် ဒီမိုကရေစီပုံစံကို လက်ရှိ ဘယ်သူဘယ်ဝါတို့က ပုံဖော်နေသလဲ၊ တကယ်ပဲ သွားနေသလား၊ လက်ရှိ Road Map နှင့် အခင်းအကျင်းများကို ပညာဉာဏ်အမြော်အမြင်ဖြင့် ဆန်းစစ်ကြည့်စေလိုသည်၊၊ အထူးသဖြင့် အညွန့် တလူလူဖြင့် အနာဂတ်မျိုးဆက်သစ်များကို ဤသို့ အဖြစ်မခံလို၊ အတွေ့အကြုံရှိလူကြီးများအနေဖြင့် မိမိတို့၏စိတ်စေတနာကောင်းများဖြင့် လမ်းမှန်ကို ပြသပေးစေလိုသည်။ 

လူငယ်များအနေဖြင့် ယုံကြည်မှုတစ်ခု အရင်းပြု၊ အယူမှားပြီး ဘုရားပြီး ငြမ်းဖျက်ခံ ပခုံးထမ်းတင် ပေးဘဝများအဖြစ်သို့ မရောက်မိရန်လိုသည်၊၊ လွယ်လွယ်ကူကူအသုံးချမခံရဘဲ ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းကျော်ဖြတ် အောင်မြင်စေလိုသည်။ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲများအဖြစ်မခံ၊ အတိတ်ကို ကောင်းစွာသင်ခန်းစာယူပြီး ကိုယ့်လူမျိုး ကိုယ့်အမျိုးသားအကျိုးစီးပွားဘက်ကသာ ခိုင်ခိုင်မာမာ ရပ်တည်သင့်သည်ဟု မြင်ပါသည်။ 

သဒ္ဓါလွန် - ကျွန်ဖြစ်တတ်သည်ကို သတိမူရန် အတိတ်နမူနာများလည်း ရှိပြီးဖြစ်သည်။ ခေတ်သစ် နယ်ချဲ့တို့၏ ကစားကွက်ထဲအရောက်မခံ၊ ဘယ်သူ့ရုပ်သေးရုပ်မျှလည်း အဖြစ်မခံ၊ လုံခြုံရေးစည်း မပေါက်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ခရီးရောက်အောင် စည်းလုံးညီညွတ်သင့်ကြပြီဟုသာ မြင်မိပါကြောင်း ရေးသားလိုက်ရပါသည်။    ။