အမျိုးသားဇာတ်ရုံ(ရန်ကုန်) လွှဲပြောင်းလက်ခံခြင်း အခမ်းအနား ကျင်းပ

နေပြည်တော် ဒီဇင်ဘာ  ၂၇

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကြီးစားမွမ်းမံပြင်ဆင်ပြီးမြောက်သဖြင့်  လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အမျိုးသား ဇာတ်ရုံ (ရန်ကုန်)၌ ကျင်းပသည်။

 

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Mr. Chen Hai နှင့် သံရုံးဝန် ထမ်းများ၊ Beijing Construction Engineering Group Co.,Ltd မှ အင်ဂျင်နီယာများ၊သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Mr. Chen Hai နှင့် စီးပွားရေးသံမှူး Mr. Tan Shu Fu တို့က အမျိုးသား ဇာတ်ရုံ (ရန်ကုန်)ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် အမျိုးသားဇာတ်ရုံ(ရန်ကုန်) ပြင်ဆင်မွမ်းမံမှုအဆင့်ဆင့်မှတ်တမ်း Video Clip ကို ပြသပြီး  သံအမတ်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးထံ သံအမတ်ကြီးက အမျိုးသားဇာတ်ရုံ(ရန်ကုန်) ပြင်ဆင်ပြီးစီးမှုဆိုင်ရာ အထောက်အထားများကို လွှဲပြောင်းပေးအပ်ပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန် ပေးအပ်ကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မကြာမီအချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေး အခမ်းအနားကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကျင်းပသည့်  အမျိုးသားဇာတ်ရုံ (ရန်ကုန်) လွှဲပြောင်းလက်ခံခြင်း အခမ်းအနားသည် စိန်ရတုလွတ်လပ်ရေးနေ့ကို  ဂုဏ်ပြုရာရောက်သည့်  အခမ်းအနားဖြစ်သည့်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကိုယ်စား ကျေးဇူးအထူးတင် ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အမျိုးသားဇာတ်ရုံ(ရန်ကုန်)ပြင်ဆင် မွမ်းမံထားရှိမှုကို လှည့်လည် ကြည့်ရှုကြသည်။

 

အမျိုးသားဇာတ်ရုံ(ရန်ကုန်) အကြီးစားပြင်ဆင်မှုအတွက် လုပ်ငန်းတန်ဖိုး RMB ၁၇၃၀၀၀၀၀၀ (ယွမ်တစ်ရာခုနစ်ဆယ့်သုံးသန်းတိတိ) ကုန်ကျခဲ့ကာ အသစ်တည်ဆောက်ပေးသကဲ့သို့ ခေတ်မီဇာတ်ရုံအင်္ဂါ ရပ်များ ပြည့်စုံစွာ  ထည့်သွင်းပေးထားပြီး အမျိုးသားဇာတ်ရုံရှိ ဝန်ထမ်းများကို လိုအပ်သော သင်တန်းများ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)