အမျိုးသားကျန်းမာရေးစီမံကိန်း၏ ပြည်နယ်အဆင့် ကျန်းမာရေးစီမံကိန်း (၂၀၁၈-၂၀၁၉) အလုပ်ရုံဆွေးနွေးပွဲ လားရှိုးတွင် ကျင်းပ

လားရှိုး ၁၀ နိုဝင်ဘာ

အမျိုးသားကျန်းမာရေးစီမံကိန်း၏ ပြည်နယ်အဆင့် ကျန်းမာရေးစီမံကိန်း(၂၀၁၈-၂၀၁၉) အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်(၉)နာရီအချိန်က လားရှိုးမြို့၊ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူးရုံးတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော် က အဖွင့်အမှာစကားပြောကြားရာ လူသားအားလုံး လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုကို အရည်အသွေးပြည့်ပြည့်ဝ၀နဲ့ ငွေကြေးအခက်အခဲ တစ်စုံတစ်ရာမရှိဘဲရရှိနိုင်မယ့် ( Universal Health Coverage ) ကို ရည်မှန်းချက်ပန်းတိုင်အဖြစ် ထားရှိပြီး မြန်မာနိုင်ငံမှာ အမျိုးသား ကျန်းမာရေးစီမံကိန်း(၂၀၁၇-၂၀၂၁)ကို ရေးဆွဲအကောင်အထည်ဖော်လျှက်ရှိပါကြောင်း၊ ကျန်းမာရေးဌာနတွေမှာ အခြေခံကျတဲ့ မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (Basic Essential Package Of Health Services) ကို ငွေကြေးကုန်ကျမှု နည်းပါးစွာဖြင့် နေရာမရွေး၊ ဒေသမရွေး ပေးစွမ်းနိုင်ရေးအတွက် ကောင်းမွန်စွာလည်ပတ်နေတဲ့ ကျန်းမာရေးစနစ်ရှိရမှာ ဖြစ်ပါကြောင်း၊အခြေခံကျတဲ့ မရှိမဖြစ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ငွေကြေးကုန်ကျမှု နည်းပါးစွာဖြင့် နေရာမရွေး၊ဒေသမရွေး၊ ပေးစွမ်းနိုင်ရေးအတွက် ရည်ရွယ်ချက်တူလုပ်ငန်း ဆောင်ရွက်နေသူ အချင်းချင်းအားလုံး ပူးပေါင်းပါဝင်ပြီး စီမံချက် ရေးဆွဲသည်မှ အကောင်အထည်ဖော် ဆန်းစစ်သည်အထိ ဆောင်ရွက်နိုင်ဖို့ နည်းလမ်းများကို ရှာဖွေဖော်ထုတ် ရေးဆွဲသွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသားကျန်းမာရေးစီမံကိန်း လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ် ကြည့်ရှုရေးအဖွဲ့ မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာရဲမင်းထွေး ကအမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) ကိုရှင်းလင်းပြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထင်လင်း က အမျိုးသားကျန်းမာရေး စီမံကိန်း(၂၀၁၈-၂၀၁၉) ရေးဆွဲရခြင်းအကြောင်းကို ရှင်းလင်းဆွေးနွေးပါသည်။

အခမ်းအနားသို့ နေပြည်တော်မှ အမျိုးသားကျန်းမာရေးစီမံကိန်း လက်တွေ့အကောင်အထည်ဖော်ခြင်း ဆိုင်ရာစောင့်ကြပ်ကြည့်ရှုရေးအဖွဲ့နှင့် စီမံချက်တာဝန်ခံများ၊ ဒေသတွင်းလုပ်ငန်းဆောင်ရွက်နေသော မိတ်ဖက်အဖွဲ့ အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ခရိုင်/ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူများ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့ထိ (၂)ရက်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)