အမျိုးသားလုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတွေကို ဖယ်ရှားဖို့ ဥရောပကဖြန့်ကြက်မယ့် ဒရုန်းပစ်လက်နက်များ


 

ကလျာမိုးမြင့်

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအတွင်း အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ပပျောက်သွားအောင်ကြိုးပမ်းရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် ဥရောပရဲတပ်ဖွဲ့ဝင်တွေက ဩစတြေးလျနိုင်ငံလုပ် ဒရုန်းပစ်လက်နက်တွေကို ချထားရေးပြင်ဆင်နေကြပြီလို့ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖော်ပြလျက်ရှိပါတယ်။ ဒီလိုချထားမှုမျိုးဟာ အမေရိကန်မှာဆိုရင် ဖက်ဒရယ်ဥပဒေအရ တားမြစ်ထားတဲ့အတွက် တရားမဝင် ဘူးလို့ သိရပါတယ်။
ဥရောပအနှံ့ ဖြန့်ကြက်မယ်
Droneshield Limited ကုမ္ပဏီနဲ့ ဥရောပ သမဂ္ဂတို့အကြား ကန်ထရိုက်စာချုပ် ချုပ်ဆို ထားတဲ့ သဘောတူညီချက်မူဘောင်အရ ဒရုန်းဂန်းလို့ခေါ်တဲ့ မဟာဗျူဟာလက်နက် ကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနှံ့မှာ ဖြန့်ကြက်မှာဖြစ်တယ်လို့ အဲဒီကုမ္ပဏီက ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကြေညာခဲ့တာ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂရဲတပ်ဖွဲ့ အာဏာပိုင်တွေ အားလုံးရဲ့ကိုယ်စား တင်ဒါယှဉ်ပြိုင်နေတဲ့ ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့နဲ့ အခုလိုသဘောတူညီမှုပြုလုပ်လိုက်တာဖြစ်ကြောင်း ကုမ္ပဏီရဲ့ စီအီး အို အိုလက်ဂ်ျဗော်နစ်က အကြောင်းကြားခဲ့ ပါတယ်။ အခုသဘောတူညီချက်မှာ ဒရုန်းပစ် လက်နက် အရေအတွက်ကို အနိမ့်ဆုံးပမာဏ ဝယ်ယူမှုအဖြစ် သတ်မှတ်ထားခြင်း မရှိဘူး ဆိုပေမယ့် ဒီစာချုပ်ကို အစပြုပြီး အနာဂတ်မှာ ကုမ္ပဏီကထုတ်တဲ့ ဝတ်ဆင်နိုင်သော ဒရုန်း ထောက်လှမ်းရေးကိရိယာတွေ အပါအဝင် တခြားထုတ်ကုန်ပစ္စည်းတွေကို ဝယ်ယူဖို့ ဥရောပသမဂ္ဂရဲတပ်ဖွဲ့ဝင်တွေနဲ့ နောက်ထပ် စာချုပ်တွေထပ်ချုပ်နိုင်ဖို့ မျှော်လင့်ထားတယ် လို့ ဒရုန်းရှဲလ်ကုမ္ပဏီက ဖော်ပြခဲ့ပါတယ်။
အမေရိကန်မှာတားမြစ်ထား
သို့သော်လည်း ရိုင်ဖယ်သေနတ်တစ်လက် ရဲ့ပုံစံကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ဒရုန်း ဂန်းခေါ် မဟာဗျူဟာလက်နက်ကို အမေရိကန် ဖက်ဒရယ်ဥပဒေမှာ တားမြစ်ပိတ်ပင်ထားတာကိုတွေ့ရပါတယ်။ ဒရုန်းရှဲလ်ကုမ္ပဏီ ဝက်ဘ်ဆိုက်လိပ်စာမှာ ဖော်ပြထားချက်အရ ဆိုရင် ဒီလက်နက်ကို အမေရိကန်မှာ ခွင့်ပြုမထားပါဘူး။
ဖော်ပြချက်ထဲမှာ ဒရုန်းဂန်းမဟာဗျူဟာ လက်နက်သည် အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင်(FCC)၏ခွင့်ပြုချက်ရရှိထားခြင်းမရှိ။ ဖော်ပြပါ လက်နက် ကို ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင်က ခွင့်ပြုချက်မရမချင်း အမေရိကန်ပြည်ထောင်စု အတွင်း သို့မဟုတ် အမေရိကန်ပြည်ထောင်စု အစိုးရနဲ့ အစိုးရရဲ့ အေဂျင်စီတွေနဲ့ သက်ဆိုင်ရာ ကိုယ်စားပြုအဖွဲ့အစည်းတွေသို့ ရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်းတွေပြုလုပ်ခွင့် မရှိဆိုပြီး ပါရှိပါတယ်။
ဒါ့အပြင် ဒရုန်းပစ်လက်နက်ကို တခြားသော ပုဂ္ဂိုလ်အဖွဲ့အစည်းတွေက အခြေ အနေတစ်ခုခုအရ အမေရိကန်ပြည်ထောင်စု အတွင်းရှိ ပြည်နယ် သို့မဟုတ် ဒေသအစိုးရ အဖွဲ့အေဂျင်စီတွေမှာ အသုံးပြုခြင်းကိုလည်း ဖက်ဒရယ်ဥပဒေက တားမြစ်ထားပါတယ်။
အချက်ပြမှုထုတ်လွှင့်
ဒရုန်းပစ်လက်နက်ဟာ စွမ်းအားမြင့် ဧရိယာတိုင်တစ်ခုကနေ အချက်ပြမှုတွေကို ထုတ်လွှတ်ခြင်းအားဖြင့် လုပ်ငန်းဆောင်ရွက် တာဖြစ်ပြီး အမြင့်ကို အလျင်အမြန်ပျံတက် နိုင်စွမ်းရှိတဲ့အပြင် ဒရုန်းယာဉ်ကို ထိန်းချုပ်တဲ့ ကိရိယာရဲ့ လုပ်ဆောင်ချက်တွေကို မအောင် မမြင် ဖြစ်စေပါတယ်။ နည်းပညာကို အသုံးပြု ပြီး တိုက်ခိုက်တာခံရတဲ့ ဒရုန်းယာဉ်အများစုဟာ ၎င်းတို့ရဲ့ပျံသန်းမှုကို ဖျက်သိမ်းလိုက်ပြီး ဘေးကင်းစွာ ဆင်းသက်နိုင်ဖို့ ကြိုးပမ်းကြ ပါတယ်။
ဒရုန်းပစ်ကိရိယာတွေ ဝယ်ယူမှုနဲ့ ပတ်သက်ပြီး သဘောတူစာချုပ်ချုပ်ဆိုမှုမှာ ပါဝင်ပတ်သက်ခြင်း ရှိ မရှိ မှတ်ချက်ပေးဖို့ ဥရောပသမဂ္ဂ ဥပဒေပြဋ္ဌာန်းရေး ပူးပေါင်း ဆောင်ရွက်မှု အေဂျင်စီ (Europol)ကို တောင်းဆို မေးမြန်းခဲ့ရာမှာ တုံ့ပြန်ဖြေကြားခဲ့ ခြင်း မရှိသေးပါဘူး။
ဥပဒေသစ်ပြဋ္ဌာန်းရေး လုပ်ဆောင်
ဥရောပမှာ လုံခြုံဘေးကင်းမှု စံချိန်စံညွှန်း မြင့်မားတဲ့ ဒရုန်းဈေးကွက်တစ်ခု တည်ထောင် နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ယခုနှစ် ဇူလိုင်လ မှာ ဥပဒေသစ်တွေပြဋ္ဌာန်းဖို့ လုပ်ဆောင်နေ တယ်လို့ သိရပါတယ်။ စီမံချက်အသစ်တွေ ချမှတ်ဆောင်ရွက်နိုင်ဖို့က ဒရုန်းယာဉ်ပိုင်းလော့ တွေအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အာဏာပိုင် တွေဆီက ခွင့်ပြုချက်ကိုရရှိဖို့ လိုအပ်မှာဖြစ်ပြီး ဒါမှသာလျှင် ၎င်းတို့ရဲ့ ဒရုန်းတွေကို ဥရောပ တစ်လွှားမှာ လည်ပတ်ဆောင်ရွက်ခွင့် လိုင်စင် ရရှိမှာပါ။
စည်းကမ်းကြပ်မတ်ဖို့ တောင်းဆို
ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဥရောပသမဂ္ဂ လေကြောင်းသွားလာမှု ဘေးကင်းလုံခြုံရေးအေဂျင်စီအဖွဲ့ဟာ ဥရောပအဖွဲ့ဝင်နိုင်ငံအနှံ့ မှာရှိကြတဲ့ မြို့ကြီးတွေမှာ ဒရုန်းယာဉ်တွေ အသုံးပြုမှုနဲ့ ထိန်းချုပ်ရေးအပေါ် ထင်မြင်ယူဆ ချက်တစ်ခုကို ဥရောပကော်မရှင်သို့ တင်သွင်း ခဲ့ပြီး ဝေဟင်နဲ့ မြေပြင်ဆိုင်ရာ အန္တရာယ် အခက်အခဲတွေ လျော့ပါးသက်သာစေနိုင်ဖို့ အတွက် အဝေးထိန်းစနစ်နဲ့ ပျံသန်းမှု လုပ်ဆောင်တဲ့ လေပိုင်နက်တွေမှာ စည်းကမ်း ကြပ်မတ်ဆောင်ရွက်တဲ့ ချဉ်းကပ်မှုတစ်ခု ဆောင်ရွက်ဖို့ တောင်းဆိုလာခဲ့ပါတယ်။
လိုက်လျောညီထွေဖြစ်ဖို့လို
ဥရောပလေပိုင်နက်အတွင်းမှာ အဝေးထိန်း သို့မဟုတ် အလိုအလျောက်မောင်းနှင်တဲ့ လေယာဉ်တွေ အရေအတွက်မြင့်တက်လာ ခြင်းက ဘေးကင်းစိတ်ချရမှု၊ လုံခြုံရေးနဲ့ လေပိုင်နက်ခွဲခြားမှုဆိုင်ရာ အကြောင်းအရာတွေပေါ်ပေါက်လာစေတယ်လို့ ဥရောပသမဂ္ဂ လေကြောင်းသွားလာမှု ဘေးကင်းလုံခြုံရေး အေဂျင်စီရဲ့ ဖော်ပြချက်ထဲမှာ ပါရှိပါတယ်။
တစ်ဖက်မှာ အဝေးထိန်းစနစ် လေကြောင်း ပျံသန်းမှုစီမံထိန်းချုပ်ရေး ခိုင်မာသေချာစေဖို့နဲ့ အခြားတစ်ဖက်မှာ ဥရောပလေပိုင်နက် တစ်လျှောက် ဒရုန်းယာဉ်တွေအနေနဲ့ လက်ရှိ လေကြောင်းသွားလာမှု ဝန်းကျင်တစ်ခု အတွင်းမှာ လိုက်လျောညီထွေဖြစ်တဲ့ အပြုအမူ အားဖြင့် ဘေးကင်းစွာ လည်ပတ်ဆောင်ရွက် နိုင်စေဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။
ဒရုန်းပစ်လက်နက်ရဲ့လုပ်ဆောင်ချက်
ဒရုန်းပစ်လက်နက်တွေက ဒုံးကျည်လိုမျိုးပစ်ခွင်းတဲ့အရာတစ်ခုကိုသုံးပြီး ဒရုန်းယာဉ် တွေကို ဖျက်ဆီးပစ်လိုက်နိုင်ပါတယ်။ ဒီလက်နက်က ဒရုန်းယာဉ်တွေရဲ့ လုပ်ဆောင် ချက်ကို စွမ်းအင်မြင့် လျှပ်စစ်လှိုင်း သို့မဟုတ် ရောင်ခြည်ကိုသုံးပြီး ဟန့်တားခြင်း သို့မဟုတ် ဖျက်ဆီးခြင်း လုပ်ဆောင်နိုင်ပါတယ်။ ဒရုန်းယာဉ်ရဲ့ ဂျီပီအက်စ်လို စနစ်တွေကိုလည်း ဟန့်တားနိုင်ပါတယ်။ နောက်တစ်ခုက ဒရုန်း ပစ် လက်နက်တွေဟာ ပိုက်ကွန်လိုအရာမျိုး တွေကိုသုံးပြီး ဒရုန်းယာဉ်တွေ ပျံသန်းနေချိန်မှာ ဖမ်းဆီးနိုင်တယ်လို့ သိရပါတယ်။ ။
ကိုးကား-အင်တာနက်

မြန်မာ့အလင်း