အမျိုးသားမှတ်ပုံတင်လုပ်ငန်းဆိုင်ရာ မှတ်တမ်းများအား ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်းတင်ထိန်းသိမ်းခြင်း လုပ်ငန်း Software အသုံးပြုနည်း သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် ဇွန် ၂

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အမျိုးသားမှတ်ပုံတင်လုပ်ငန်း ဆိုင်ရာမှတ်တမ်း များအား ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်းတင်ထိန်းသိမ်းခြင်းလုပ်ငန်း(Digital Document Archiving System Software) အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

 အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်း အတွင်းဝန် ဦးဝင်းဇော်အောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီးက အမျိုးသားမှတ်ပုံတင်ပုံစံ(၁) မှတ်တမ်းများသည် နှစ်ကာလရှည်ကြာစွာ ထိန်းသိမ်း ထားရှိသည့် စက္ကူမှတ်တမ်းများဖြစ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် Scan ဖတ်၍ ကွန်ပျူတာမှတစ်ဆင့် Software အသုံးပြုကာ Digital Document Archiving System ဖြင့် Serverအတွင်း သိမ်းဆည်းနိုင်ရေး သင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ပုံစံ(၁) မှတ်တမ်းများသည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည်နှင့်အညီ နိုင်ငံသားဖြစ်မှုအတွက် ဥပဒေနှင့် တိုက်ဆိုင်စိစစ်နိုင်ရန် အရေးပါသည့် အထောက်အထားများဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းကို ဆောင်ရွက်ကြမည့် ဝန်ထမ်းများ အနေဖြင့် စာရွက်စာတမ်းလုံခြုံရေးကို အလေးထားကြရန်နှင့် ဌာနအတွက်သာမက နိုင်ငံတော်အတွက် အရေးပါသည့်မှတ်တမ်း ထိန်းသိမ်းခြင်းလုပ်ငန်းဖြစ်ခြင်းကြောင့် စနစ်တကျဂရုပြုဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

 

အဆိုပါသင်တန်းကို နှစ်ရက်ကြာပို့ချသွားမည်ဖြစ်ပြီး သန္ဓေဝန်ထမ်းနှင့် အစားခန့်ဝန်ထမ်း စုစုပေါင်း (၃၃)ဦးတက်ရောက်ကြောင်းနှင့် သင်တန်းပြီးဆုံးပါက နေပြည်တော်ရုံးချုပ်ရှိ အမျိုးသား မှတ်ပုံတင်ပုံစံ(၁) မှတ်တမ်းများကို Digital Document Archiving System Software အသုံးပြု၍ Server အတွင်း သိမ်းဆည်းခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)