အမျိုးသားပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းများ အကောင်အထည်ဖော်ရေးကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍ ရေရှည်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အမျိုးသားပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းများ အကောင်အထည်ဖော်ရေးကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၅)၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် သက်ဆိုင်ရာကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ကော်မတီကို ၂၀၁၆ ခုနှစ်၊ ဇွန် (၂၀) ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ရေးဆွဲခဲ့သည့် အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်းကိုအဓိက ဦးတည်၍ ကော်မတီ၏ လုပ်ငန်းတာဝန် (၅)ခုဖြစ်သည့် စီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဦးစားပေးအဆင့် သတ်မှတ်ခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကာလအပိုင်းအခြား သတ်မှတ်ခြင်း၊ လိုအပ်သည့် ဘဏ္ဍာငွေအရင်းအမြစ်များ ဆန်းစစ်ခြင်း၊ စီမံကိန်းဖြစ်ပေါ် တိုးတက်မှုများ အပေါ်သုံးသပ်၍ လိုအပ်သည့် မျှော်မှန်းချက်၊ မူဝါဒ၊ မဟာဗျူဟာများ ချမှတ်ခြင်းတို့ဖြစ်ပါကြောင်း၊ မိမိတို့အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများသည် ရေရှည်အကျိုးစီးပွားအတွက် အထောက်အကူဖြစ်စေမည့် မြန်မာနိုင်ငံရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP) ၏ ဦးစားပေးအစီအစဉ်များနှင့် ကိုက်ညီရန် လိုအပ်ပြီး၊ မိမိတို့၏ စီမံကိန်းများအား MSDP ၏ Project Bank တွင် ထည့်သွင်းထား ပြီးဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ သို့မှသာ DACU ၏မူဝါဒများနှင့် ကိုက်ညီမည်ဖြစ်ကြောင်း၊ မိမိတို့သည် ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ရေရှည်စီမံကိန်းများအားရေးဆွဲပြီး၊ အာရှဖွံ့ဖြိုးရေးဘဏ်၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့သည့် အမျိုးသားပို့ဆောင်ရေးမူဝါဒ အခြေခံဥပဒေဿ (၁၂) ချက်နှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် JICA နှင့် ADB တို့၏ သုံးသပ်ချက်အရ ၂၀၃၀ ခုနှစ်မတိုင်မီ ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အမေရိကန် ဒေါ်လာ (၄၅) ဘီလီယံမှ (၆၀)အထိ သုံးစွဲရန်လိုအပ်ကြောင်း၊ သို့မှာသာ ပို့ဆောင်ရေးစရိတ် လျှော့ချခြင်း၊ ကျေးလက်နေပြည်သူများအား လမ်းကွန်ရက် တည်ဆောက်ပေးနိုင်ခြင်းနှင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးတို့အား ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသာမက လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို များစွာအထောက်အကူပြုပါကြောင်း၊ ပို့ဆောင်ရေး အခြေခံအဆောက်အဦများ တိုးတက်ကောင်းမွန်လာခြင်းဖြင့် ခရီးသည်များနှင့် ကုန်စည်များကို လွယ်ကူလျင်မြန်ချော မွေ့စွာသယ်ယူ ပို့ဆောင်ပေးနိုင်မည်ဖြစ်ရာ ဖွံ့ဖြိုးရေးစီမံကိန်းများကို ကဏ္ဍစုံသုံးသပ်၍ မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၏ ပန်းတိုင်များ၊ မဟာဗျူဟာများဖြင့် ကိုက်ညီရန်လိုအပ်ပါကြောင်း၊ ထို့အတူ ဒေသတွင်းပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၊ စီးပွားရေးစြင်္ကံများဖြင့် ညီညွတ်စွာ အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

 

ထို့နောက် တက်ရောက်လာသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီတို့မှ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းဆိုင်ရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တရုတ်-မြန်မာ စီးပွားရေးစြင်္ကံနှင့် North-South Corridor တစ်ဆက်တစ်စပ်တည်း ဖြစ်စေရေး သီလဝါ အထူးစီးပွားရေးဇုန်နှင့် ရန်ကုန်ကားလမ်း အဆင့်မြှင့်တင်ရေး၊ အချက်အခြာနေရာများတွင် ကုန်းတွင်းဆိပ်များ တည်ဆောက်ရန် လေ့လာမှုပြုရေး၊ နယ်စပ်စစ်ဆေးရေးဂိတ် တည်ဆောက်ရေးဆိုင်ရာများ၊ ရန်ကုန်မြို့တော်အတွင်း တည်ဆောက်မည့် မိုးပျံလမ်းစီမံကိန်းဆိုင်ရာများအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)