အမျိုးသားရေးလက္ခဏာများတည်ဆောက်

mdn

နေပြည်တော် ၁၂ သြဂုတ်

 

“မိမိတို့နိုင်ငံတွင် လူဦးရေ ၅၅သန်းခန့်ရှိပြီး အများစုမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြကြောင်း၊ ထို့ကြောင့် ဗုဒ္ဓအဆုံးအမ၏ ယဉ်ကျေးမှုအောက်တွင် မြန်မာ့ယဉ်ကျေးမှု စရိုက်လက္ခဏာ များစွာရှိကြောင်း၊ ရှေးရိုးစွဲခြင်းမဟုတ်ဘဲ နိုင်ငံတစ်ခုကို တည်ဆောက်ရာတွင် အမျိုးသားရေးစရိုက်လက္ခဏာ (National Characteristics)ကို ပထမဆုံး ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန် အရေးကြီးကြောင်း” နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)တွင်ပြောကြားခဲ့သည်။


နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် ကိုယ်ပိုင်အမျိုးသားရေး စရိုက်လက္ခဏာများရှိသည်။ ကိုးကွယ် ယုံကြည်မှုနှင့် တိုင်းပြည်နှင့် လူမျိုး၏ဓလေ့စရိုက်၊ ထုံးတမ်းစဉ်လာ ဝိသေသလက္ခဏာများ ရှိကြသည်။ ယင်းတို့ကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြသည်။ ခေတ်သည် အစဉ်သဖြင့် တိုးတက်နေငြားလည်း ခေတ်ကိုအမီ လိုက်ရင်း မိမိတို့၏ အမျိုးသားရေး စရိုက်လက္ခဏာများအား ထိန်းသိမ်းစောင့်ရှောက်သော နိုင်ငံများသည် မိမိတို့နိုင်ငံ အခွန့်ရှည် တည်တံ့ခိုင်မြဲပြီး ဂုဏ်ယူဝင့်ကြွားဖွယ်ရာ ဝိသေသလက္ခဏာများဖြင့် အေးချမ်းသာယာစွာ နေထိုင်နိုင်ကြပေသည်။ အမျိုးသား ရေးလက္ခဏာများသည် နိုင်ငံ၏ ဂုဏ်တသည့် ယဉ်ကျေးမှုအမွေအနှစ်များ ဖြစ်သည်။


ယဉ်ကျေးမှုပျောက်လျှင် နိုင်ငံနှင့်လူမျိုး၏စရိုက်လက္ခဏာများလည်း ပျောက် ပေမည်။ နိုင်ငံတွင် ကိုယ်ပိုင်ယဉ်ကျေးမှုလက္ခဏာမရှိပါက နိုင်ငံသည် ရုပ်ဝတ္ထုများ မည်မျှတိုးတက်နေသော်လည်း စစ်မှန်သောငြိမ်းအေးချမ်းသာမှုကို ရရှိလိမ့်မည် မဟုတ်ပေ။ မြန်မာနိုင်ငံသည် ဘာသာတရားကို အခြေခံသည့် ငြိမ်းအေးချမ်းသာသော လူ့အသိုက်အမြုံကို တည်ဆောက်ထားသည်။ ဘာသာတရား အဆုံးအမများ ပါးလျားပစ်ပယ်လာပါက နိုင်ငံအတွင်း ငြိမ်းအေးချမ်းသာခြင်းတို့ ကွယ်ပျောက် လာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ဘာသာတရားအဆုံးအမ ဓလေ့စရိုက်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ရှေးရိုးစွဲ ခေတ်နောက်ပြန်သွားခြင်း မဟုတ်ပေ။ မိမိတို့ ယဉ်ကျေးမှုအားထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်ပြီး ငြိမ်းအေးချမ်းသာခြင်းကို ဖော်ဆောင်ခြင်းဖြစ်သည်။


မြန်မာနိုင်ငံတွင် ဘာသာတရားကို အခြေခံသည့် စာရိတ္တဟူသော ကိုယ်ကျင့် တရားသည် လူတစ်ဦးစီ၏ အသက်သွေးခဲ ဖြစ်သည်။ စာရိတ္တကောင်းသူသည် လူကောင်းဖြစ်၍ နိုင်ငံတော်က အားထားရမည့်သူ ဖြစ်သည်။ ဘာသာတရား အခြေခံမရှိဘဲစာရိတ္တယိုယွင်းနေသူသည် လူဆိုးလူသွမ်းဖြစ်၍ အများပြည်သူတို့အား အနှောင့်အယှက်ပေးနိုင်သူ၊ နိုင်ငံတော်အား အန္တရာယ်ပြုနိုင်သူ ဖြစ်သည်။ အထူးသဖြင့် လူငယ်လူရွယ်များ ဘာသာတရား၊ စာရိတ္တနှင့်ကိုယ်ကျင့်တရား ကောင်းမွန်ရေးသည် အရေးကြီးသည်။ တိုင်းပြည်နှင့်လူမျိုး၏ အနာဂတ်ကို မျှော်ကြည့်၍ လူငယ်လူရွယ်များအား ပစ်ပယ်မထားဘဲ အလေးအနက်ထား စည်းရုံး ခေါ်ဆောင် ဝိုင်းဝန်းစောင့်ရှောက်ပေးရန် လိုအပ်သည်။ ။


လူငယ်လူရွယ်တစ်ယောက်စီအား ပြုစုပျိုးထောင်ရမည့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလသည် အမွန်မြတ်ဆုံး၊ အရေးအကြီးဆုံး မဏ္ဍိုင် ဖြစ်သည်။ လက်ချောင်း ငါးချောင်းတွင် လက်ခလယ်က အမြင့်ဆုံးဗဟိုမဏ္ဍိုင် နှင့်တူသည်။ စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ပါမှ အခြားဗလစွမ်းအားတို့ဖြင့် နိုင်ငံတော်ကို အကျိုးပြုနိုင်ပေမည်။ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်နေလျှင် ကျန်ဗလငါးတန်၏ ခွန်အားတို့သည် အဖျက်လုပ်ငန်းများဆီသို့ ဦးတည်၍ သွားကြပေလိမ့်မည်။ ယနေ့လူငယ်များသည် အနာဂတ်ခေါင်းဆောင်များ ဖြစ်လာကြမည်ဖြစ်၍ စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်ဖို့ အထူးလိုအပ်ပေသည်။ နိုင်ငံတော်က မျှော်လင့်နေသော နိုင်ငံ့သားကောင်း သမီးကောင်းရတနာများ ဖြစ်မြောက်လာစေရေးအတွက် ကလေးအရွယ်မှ စတင်ကာ အသိပညာ၊ အတတ်ပညာများကို ဆည်းပူးလေ့လာရင်း စာရိတ္တကောင်းမွန်အောင် ကျင့်ကြံနေထိုင်သွားကြရမည် ဖြစ်သည်။


နိုင်ငံ၏ အမျိုးသားရေးစရိုက်လက္ခဏာများ မြင့်မားခိုင်ကျည်ရေးသည် လူတိုင်းလူတိုင်း၏ စာရိတ္တလက္ခဏာများ မြင့်မားခိုင်ကျည်လာအောင် မြှင့်တင်ပျိုးထောင် ထိန်းသိမ်းစောင့်ရှောက် ရန် လိုအပ်သည်။ ဘာသာတရားကို အခြေခံပြီး လူငယ်တိုင်းသည် စာရိတ္တ၏တန်ဖိုးကို သိမြင်ကာ ကိုယ်ကျင့်တရား စာရိတ္တကို ချစ်မြတ်နိုး၍ ကိုယ်ကျင့်တရား စာရိတ္တကောင်းခြင်း ဂုဏ်နှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ကြရ မည်ဖြစ်ပေသည်။ မျက်မှောက်ကာလတွင် လူငယ်လူရွယ်များ၏ ကိုယ်ကျင့်တရား စာရိတ္တများ ယိမ်းယိုင်သွားသည်ကို တွေ့ရသည်။ ကိုယ်ကျင့်တရားသည် နိုင်ငံ၏ အသက်သွေးဖြစ်၍ ကိုယ်ကျင့်တရားများ လျော့ပါးပါက နိုင်ငံပါ ယိမ်းယိုင်ပြိုပျက်နိုင် သည်ကို တွေ့မြင်နေရသည်။


သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက် တည်ဖြစ်ထွန်း ထွန်းကားပြီး ဖြစ်သည့် မြတ်ဗုဒ္ဓအဆုံးအမ၏ ယဉ်ကျေးမှုအောက်ရှိ မြန်မာ့ယဉ်ကျေးမှု ဝိသေသ စရိုက်လက္ခဏာများ ပြန်လည်ရှင်သန်ထွန်းကားလာအောင် လူငယ်လူရွယ်များအား ကိုယ်ကျင့်တရားနှင့်စာရိတ္တများ ပြန်လည်မြင့်မားခိုင်ကျည်လာရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ