အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၃

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ဘေး အန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လတ်တလော ဖြစ်ပွားနေသော ကချင်ပြည်နယ် ရေကြီးရေလျှံမှု အပါအဝင် ဧရာဝတီမြစ်နှင့် ချင်းတွင်း မြစ်တစ်လျှောက် ဆက်စပ်ဖြစ်ပွားလာနိုင်သည့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ၊ မုတ်သုန် ကာလအတွင်း လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများနှင့် ပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာများ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေး ခေါ်ယူခြင်းဖြစ်ကြောင်း၊ ကဏ္ဍအလိုက် ကြိုတင် စီမံထားရှိမှုများကို တင်ပြကြရန်နှင့် အချိန်နှင့်တစ်ပြေးညီ အချိတ်အဆက် မိမိဆောင်ရွက် နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝိုင်းဝန်းဆောင်ရွက်ကြရန် ပြောကြားသည်။
  
ထို့နောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များက သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းအလိုက်၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် စီမံ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဒေသခံပြည်သူများနှင့် အစိုးရ တာဝန်ရှိသူများ အကြား ပေါင်းစည်းဆောင်ရွက်ရန် ကိစ္စရပ်များကို တင်ပြဆွေးနွေးကြပြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြစ်ရေကြီးမှု အခြေအနေကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်