အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပျဉ်းမနားမြို့ အမှတ်(၁) မြို့မဈေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး သိပ္ပံကျောင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ  ၂၃

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပျဉ်းမနားမြို့ အမှတ် (၁) မြို့မဈေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံကျောင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေး ငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် ပျဉ်းမနားမြို့ အမှတ်(၁) မြို့မဈေးရှိ ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦ A အဆောင်နှင့် B အဆောင်နေရာများတွင် တပ်မတော် သားများနှင့် ပူးပေါင်းအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းနေမှု၊ ထိခိုက်မှုအနည်းငယ် သာရှိသည့် ဈေး အဆောက်အဦး C အဆောင်နှင့် D အဆောင်ရှိ ဆိုင်ခန်းများ၏ ကြံ့ခိုင်မှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ပျဉ်းမနား အမှတ်(၁) မြို့မဈေးသည် ၁၉၉၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး မြေဧက ၄ ဒသမ ၃၇၅ ဧက ကျယ်ဝန်းပြီး ဈေးအဆောက်အဦ A၊ B၊ C နှင့် D အဆောင်တို့မှ ဆိုင်ခန်းပေါင်း ၁၃၆၉ ခန်းရှိသည့်အနက် ငလျင်ဒဏ်ကြောင့် A အဆောင်နှင့် B အဆောင်တို့ ဈေးဆိုင်ခန်းပေါင်း ၃၉၃ ခန်း ပျက်စီးသွားကြောင်း သိရ သည်။

 

ထို့ပြင် ထိခိုက်မှုအနည်း ငယ်သာရှိသည့် ဈေးအတွင်းမှ အဆောက်အဦး C အဆောင်နှင့် D အဆောင်ရှိ ဆိုင်ခန်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် ဆက်လက်ရောင်း ချခွင့်ပြုထားကြောင်း၊ မြို့မဈေးကြီး အသစ် ပြန်လည်တည် ဆောက်မည့်ကာလတွင် ပျဉ်းမနားမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းအနီးရှိ အောင်မင်္ဂလာ ဝန်းအတွင်း ယာယီဈေးဖွင့်လှစ် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပျဉ်းမနားမြို့ ရွှေချီရပ်ကွက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံကျောင်းသို့ ရောက်ရှိကြရာ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အဆိုပါကျောင်းဝန်းအတွင်း ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီး ဆုံးရှံးခဲ့သည့် ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများနှင့် အခြားကျောင်း အဆောက် အဦများကို ရှင်းလင်းတင်ပြသည်။

 

 ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် လယ်ယာစက်မှုဌာန အဆောက်အဦ(ရာပြည့်အဆောက်အဦး)၊ ကျောင်းအုပ်ကြီးရုံး၊ ကရမက်ဆောင်၊ ဧည့်ရိပ်သာ၊ ယင်းမာဆောင်၊ သရဖီဆောင်၊ ရွှေရောင်ခြည်ခန်းမနှင့် စာသင်ဆောင်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပျက်စီးခဲ့သည့် စာသင်ဆောင်များနှင့် ကျောင်းအဆောက် အဦများကို ကျောင်းဖွင့်ရာသီအမီ အမြန်ဆုံးပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်သွားရန်၊ ထိခိုက်မှု အနည်းငယ်သာရှိခဲ့သည့် ကျောင်းအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျွမ်းကျင်ပညာရှင်များပူးပေါင်း၍ အဆောက်အဦ ကြံ့ခိုင် မှုအခြေအနေများကို စစ်ဆေးသွားရန်၊ အရေးကြီး စာရွက်စာတမ်းများနှင့် သင်ထောက်ကူပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းထားရှိရန်နှင့် အခြားလိုအပ် သည်များ မှာကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါ ကျောင်းရှိ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် မိသားစုများကို တွေ့ဆုံအားပေးစကား ပြောကြားပြီး ဆရာ ဆရာမများနှင့် ဝန်ထမ်းမိသားက နေထိုင်စားသောက်မှု အခြေအနေနှင့် အခြားလို အပ်သည်များတင်ပြရာ ဒုတိယဝန်ကြီးချုပ်က အခြေခံစားသောက်ကုန် တစ်လစာထောက်ပံ့ပေးမည့် အခြေအနေနှင့် ယာယီကျောင်းရုံးခန်းနှင့် ဝန်ထမ်းများ နေထိုင်မှုအဆင်ပြေစေရေး Modular House များဖြင့် စီမံဆောင်ရွက်ပေးမည့် အခြေအနေများကိုပြောကြားကာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

 

အဆိုပါ စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံကျောင်းတွင် အဆောက်အဦ ၉၂ လုံးရှိသည့်အနက် ရှေးဟောင်း အဆောက်အဦ ၅ လုံးအပါအဝင် အခြားအဆောက်အဦ ၃ လုံး စုစုပေါင်း ၈ လုံး လုံးဝပျက်စီးဆုံးရှုံးခဲ့ပြီး ရှေးဟောင်း အဆောက်အဦ ၁ လုံးအပါအဝင် အခြားအဆောက်အဦ ၄ လုံး စုစုပေါင်း ၅ လုံး အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါကျောင်းရှိ လယ်ယာစက်မှုဌာန အဆောက်အဦး(ရာပြည့်အဆောက်အဦး) သည် အေဒီ ၁၉၂၃ ခုနှစ်တွင် ကျောင်းသစ်အဖြစ် ဆောက်လုပ်ခဲ့ပြီး ကျောင်းသား ကျောင်းသူများကို သံဂဟေဆက်ခြင်း၊ မော်တာ စက်ပြင်ခြင်း၊ ပန်းပဲလုပ်ငန်း၊ သစ်သားလုပ်ငန်းများကို ပစ္စည်းအပြည့်အစုံဖြင့် သင်ကြားပေးခဲ့သည့် နေရာဖြစ် ကြောင်း၊ ကရမက်ဆောင်သည် အေဒီ ၁၉၂၆ ခုနှစ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) ပျဉ်းမနားတပ်ရင်း တပ်ခွဲရုံးခန်း စခန်းချခဲ့သည့် ရှေးဟောင်းအဆောက် အဦတစ်ခုဖြစ်ကြောင်း၊ ယင်းမာဆောင်သည် အေဒီ ၁၉၂၈ ခုနှစ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) ပျဉ်းမနားတပ်ရင်း တပ်ခွဲရုံးခန်းစခန်းချခဲ့သည့် ရှေးဟောင်း အဆောက်အဦတစ်ခုဖြစ်ကြောင်း၊ သရဖီဆောင်သည် အေဒီ ၁၉၃၈ ခုနှစ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) ပျဉ်းမနားတပ်ရင်း တပ်ခွဲရုံးခန်း စခန်းချခဲ့သည့် ရှေးဟောင်းအဆောက်အဦ တစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)