အမျိုးသမီးဓာတ်ပုံပညာရှင် ၄၆ ဦး၏ ဓာတ်ပုံပြပွဲ ကျင်းပမည်

၃ ဇူလိုင်


မြန်မာနိုင်ငံမှ အမျိုးသမီးဓာတ်ပုံပညာရှင် ၄၆ ယောက် စုပေါင်းပြီး တတိယအကြိမ်မြောက် The Ladies and Light Photo Art Exhibition 2019 ဓာတ်ပုံပြပွဲကြီးကို ရန်ကုန်မြို့ ပြည်သူ့ ဥယျာဉ် နက္ခတ်တာရာပြခန်းအနီးရှိ The Yangon Gallery ၌ ဇူလိုင် ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြပွဲတွင် နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဓာတ်ပုံများကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါပြပွဲတွင် မြန်မာနိုင်ငံ၏ သဘာဝရှုခင်းများ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ စသည်တို့ကို အများပြည်သူတို့ ကြည့်ရှုခံစားနိုင်စေရန် ဓာတ်ပုံနည်းပညာများဖြင့် ဖန်တီး ရိုက်ကူးထားသော ၁၂ လက်မ x ၁၈ လက်မအရွယ် ဓာတ်ပုံများကို ခင်းကျင်းပြသကာ သင့်တင့်သောဈေးနှုန်းများဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ 


အမျိုးသမီး ဓာတ်ပုံပညာရှင်များ စုစည်း၍ အဆိုပါပြပွဲကို ပထမဆုံးအကြိမ်အဖြစ် ၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့ပြီး ထိုနှစ်ကရရှိသည့် ငွေကြေးအချို့ကို ပထမအကြိမ်အနေဖြင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃၆ သိန်း လှူဒါန်းခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်က ဒုတိယအကြိမ်ပြပွဲမှ ရငွေများဖြင့် တွံတေးမြို့နယ် ဘုရားကြီးကျေးရွာ မိဘမဲ့ကလေးများစာသင်ကျောင်း၌ ပညာရေးပဒေသာပင် ငွေကျပ် ၁၂ သိန်းခွဲကို လှူဒါန်းနိုင်ခဲ့ကြောင်း၊ ယခုကျင်းပမည့် တတိယအကြိမ်မြောက် ဓာတ်ပုံပြပွဲကြီးမှ ရောင်းရငွေ၏ ၅၀ ရာခိုင်နှုန်းကိုလည်း မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရေဘုတ် ကြီးရွာ (သျှောင်ပေစူးရွာ)သို့ လှူဒါန်းသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။


ပြပွဲတွင် အထူးအစီအစဉ်အနေဖြင့် ဓာတ်ပုံဝါသနာပါသူများအတွက် ဗဟုသုတရစေရန် ရည်ရွယ်ကာ ဆရာဦးကျော်ကျော်ဝင်း (Fuji Film Brand Embassa- dor) က သဘာဝကျသော ဓာတ်ပုံများကို ဖန်တီးတင်ပြခြင်း၊ ဆရာဦးဇော်မင်း (G.T.S)က ဓာတ်ပုံကောင်းတစ်ပုံရရန် သဘာဝအလင်းမရလျှင် သဘာဝမဟုတ်သော အလင်းများ မည်သို့မည်ပုံဖန်တီးမည်ဆိုသည်ကို မျှဝေဆွေးနွေးခြင်းနှင့် ဆရာမစောသဉ္ဇာထိုက်က ယခုခေတ်သည် ဒစ်ဂျစ်တယ် ကင်မရာများကိုသုံးသော ခေတ်ဖြစ်သည့် အားလျော်စွာ ဓာတ်ပုံရိုက်ပြီးသည့်အခါ ဒစ်ဂျစ်တယ် နည်းပညာများဖြင့် Editing/Retouching ပြုလုပ်နည်းများကို ဆွေးနွေး သင်ပြသွားကြမည်ဟု သိရသည်။ 


ထို့အပြင် ပြပွဲတွင် ထူးထူးခြားခြား အစီအစဉ်တစ်ခု အနေဖြင့် ဓာတ်ပုံရိုက်ရန် ဝါသနာပါသူများအတွက် ဆံရစ်ဝိုင်း မိန်းမပျိုလေးများနှင့်အတူ အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ရန် တောရွာဓလေ့ လှပသော ဓာတ်ပုံရိုက်ရန် နေရာများ စီစဉ်ပေးထားကြောင်း သိရသည်။


ပြပွဲသို့ လူကိုယ်တိုင် မလာရောက်နိုင်သော အားပေးလို သူများအနေဖြင့် ဓာတ်ပုံများကို အွန်လိုင်းငွေချေစနစ်ဖြင့် ဝယ်ယူအားပေးခြင်းဖြင့်လည်း လှူဒါန်းနိုင်ကြောင်း သိရသည်။


ကိုလင်း