အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၂) ဆက်လက်ကျင်းပမည်

ရန်ကုန် ၂၆ မေ

 

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၂) ကို မေ ၂၇၊ ၂၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ 

 

ပွဲစဉ် (၁၂) အဖြစ် မေ ၂၇ ရက် တွင် အောင်ဆန်းကွင်း၌ အားကစားနှင့် ကာယပညာဦးစီးဌာနအသင်းနှင့် လက်ရှိချန်ပီယံ မြဝတီအသင်း၊ တောင်ဒဂုံကွင်း၌ သစ္စာအားမာန်အသင်းနှင့် ဇွဲကပင်အသင်း၊ မေ ၂၈ ရက်တွင် အောင်ဆန်းကွင်း၌ တက္ကသိုလ်အသင်းနှင့် YREO အသင်း၊ တောင်ဒဂုံကွင်း၌ ဂန္ဓမာအသင်းနှင့် အား/ကာသိပ္ပံအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

ပွဲစဉ် (၁၁) တွင် ထိပ်ဆုံးနေရာ အပြောင်းအလဲဖြစ်ခဲ့သောကြောင့် လက်ကျန်ပွဲများမှာ ပိုမိုစိတ်ဝင်စားစရာကောင်းလာပြီး ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲများအပြင် ဒုတိယအကျော့တွင် ခြေစွမ်းကောင်းမွန်လာသည့် YREO နှင့် ဇွဲကပင်အသင်းတို့၏ ခြေစွမ်းကြောင့် အကြိတ်အနယ်ဖြစ်ဖွယ်ရှိနေသည်။ ပွဲစဉ် (၁၁) အပြီးတွင် အား/ကာသိပ္ပံနှင့် မြဝတီအသင်းက ၂၈ မှတ်စီဖြင့် အပြိုင်ဖြစ်နေပြီး သစ္စာအားမာန်အသင်းက ၂၅ မှတ်ဖြင့် နောက်မှလိုက်နေသည်။ အဆင့် (၄) နေရာအတွက် အား/ကာဦးစီးဌာန၊ YREO နှင့် ဇွဲကပင်အသင်းတို့ အပြိုင်ဖြစ်နေသည်။

 

သတင်း-ရဲရင့်ရှိုင်း