အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ မြဝတီနှင့် YREO အသင်း အနိုင်ရ

ရန်ကုန် ၁ ဇွန်


၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၃)ပထမနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ မြဝတီနှင့် YREO အသင်း အနိုင်ရခဲ့သည်။


တောင်ဒဂုံကွင်း၌ ကျင်းပသည့်ပွဲတွင် မြဝတီအသင်းက တက္ကသိုလ်အသင်းကို ၁၅ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မြဝတီအသင်းသည် ချန်ပီယံဆုကာကွယ်နိုင်ရေး လက်ကျန်မျှော်လင့်ချက်အတွက် အားကုန်ထုတ်ကစားခဲ့ပြီး ဇယားအောက်ဆုံးမှ တက္ကသိုလ်အသင်းကို ၁၅ ဂိုးပြတ်အနိုင်ရခဲ့သည်။ မြဝတီအသင်းအတွက် အနိုင်ဂိုးများကို အေးမြတ်ခိုင်က ၂၀၊ ၃၁၊ ၄၈၊ ၈၁၊ ၈၃ မိနစ်တွင် ငါးဂိုး၊ မေသူကျော်က ၈၊ ၂၃၊ ၆၆၊ ၇၁ မိနစ်တွင် လေးဂိုး၊ လှယဉ်ဝင်းက ၁၀၊ ၃၃၊ ၅၂ မိနစ်တွင် သုံးဂိုး၊ အေးမျိုးမြတ်က ၁၅၊ ၄၉ မိနစ်တွင် နှစ်ဂိုးသွင်းယူခဲ့ပြီး ကျန်တစ်ဂိုးမှာမူ ၄၂ မိနစ်တွင် တက္ကသိုလ်အသင်းမှ နန်းချိုချိုနိုင် ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်း ဖြစ်သည်။ 


အောင်ဆန်းကွင်း၌ ကျင်းပသည့်ပွဲတွင် YREO အသင်းက ဇွဲကပင်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ YREO အသင်းသည် ဒုတိယအကျော့တွင် လေးပွဲမြောက်နိုင်ပွဲရယူပြီး အဆင့် (၄) နေရာရရန် သေချာသွားခဲ့သည်။ ခြေစွမ်းအရ ကွာခြားမှုမရှိသည့်နှစ်သင်း တွေ့ဆုံသောကြောင့် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး မိနစ် ၄၀ တွင် သဇင်အောင်က YREO အသင်းအတွက် ဂိုးစသွင်းကာ ၇၃ မိနစ်တွင် ဆွေမာအောင်က ဒုတိယဂိုးထပ်သွင်းခဲ့သည်။ ဇွဲကပင်အသင်းအတွက် ချေပဂိုးကို ၇၅ မိနစ်တွင် ဇင်မာထွန်းက သွင်းယူခဲ့သည်။


ပွဲစဉ် (၁၃) ဒုတိယနေ့ကို ဇွန် ၂ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး အောင်ဆန်းကွင်း၌ ဂန္ဓမာအသင်းနှင့် သစ္စာအားမာန်အသင်း၊ တောင်ဒဂုံကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် အား/ကာဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


ရဲရင့်ရှိုင်းားအား မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းနည်း စနစ်များကို လက်တွေ့ပြသပေးခဲ့ကြောင်း သိရသည်။


ဇင်မင်းထိုက်(ထန်းတပင်)