အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ထိပ်ဆုံးမှ အား/ကာသိပ္ပံအသင်း ဂိုးပြတ်နိုင်ပွဲရရှိ

ရန်ကုန်  ၂  ဇွန် 

 

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၃) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ထိပ်ဆုံးမှ အား/ကာသိပ္ပံအသင်း ဂိုးပြတ်နိုင်ပွဲရရှိခဲ့သည်။

 

တောင်ဒဂုံကွင်း၌ ကျင်းပသောပွဲတွင် အား/ကာသိပ္ပံအသင်းက အား/ကာဦးစီးဌာနအသင်းကို ၁၁ ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ အား/ကာမှ ဖွဲ့စည်းထားသည့် နှစ်သင်းတွေ့ဆုံခြင်းဖြစ်ပြီး ချန်ပီယံမျှော်လင့်ချက်ရှိနေသည့် ထိပ်ဆုံးမှ အား/ကာသိပ္ပံအသင်းက နိုင်ပွဲရယူကာ ချန်ပီယံမျှော်လင့်ချက်ကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ အား/ကာသိပ္ပံအသင်းသည် ယခုပွဲဂိုးပြတ်အနိုင်ရလဒ်ကြောင့် ဒုတိယနေရာမှ အမှတ်တူရထားသည့် မြဝတီအသင်းထက် ဂိုးကွာခြားချက်တွင် ဆက်လက်အသာရထားပြီး နောက်ဆုံးပွဲတွင် အနိုင်ရရုံဖြင့် ချန်ပီယံဆုရယူနိုင်တော့မည်ဖြစ်သည်။ အား/ကာသိပ္ပံအသင်းသည် အနိုင်သုံးမှတ်အပြင် ဂိုးပြတ်အနိုင်ရရန် လူစုံထုတ်ခဲ့ပြီး အသင်းခေါင်းဆောင် ခင်မာလာထွန်းက ၁၃၊ ၃၄၊ ၄၄၊ ၄၅+၁၊ ၅၉၊ ၆၃ မိနစ်တွင် တစ်ဦးတည်းခြောက်ဂိုးသွင်းယူခဲ့သည်။ ကျန်အနိုင်ဂိုးများကိုမူ ၅၊ ၁၀ မိနစ်တွင် ရီရီဦး၊ ၆၇ မိနစ်တွင် မိုးမမစိုး၊ ၇၁ မိနစ်တွင် နန့်မေသဇင်၊ မိနစ်တွင် ခင်မျိုးဝင်းတို့က သွင်းယူခဲ့သည်။ အား/ကာဦးစီးဌာနအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၈၉ မိနစ်တွင် မိုးမိုးသန်းက သွင်းယူခဲ့သည်။

 

အောင်ဆန်းကွင်း၌ ကျင်းပသောပွဲတွင် သစ္စာအားမာန်အသင်းက ဂန္ဓမာအသင်းကို ရှစ်ဂိုးပြတ်အနိုင်ရခဲ့သည်။ သစ္စာအားမာန်အသင်းသည် ခြေအသာဖြင့် ကစားကာ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်ပြီး ဂျူလိုင်ကျော်က ၈၊ ၂၆၊ ၄၂၊ ၅၉၊ ၆၈၊ ၇၉ မိနစ်တွင် တစ်ဦးတည်းခြောက်ဂိုးသွင်းယူခဲ့သည်။ ကျန်အနိုင်ဂိုးများကို မိနစ် ၂၀ တွင် ခင်မိုးဝေနှင့် ၈၉ မိနစ်တွင် ခင်မိုမိုထွန်းတို့က သွင်းယူခဲ့သည်။ ပွဲစဉ် (၁၃) အပြီးတွင် အား/ကာသိပ္ပံအသင်းနှင့် လက်ရှိချန်ပီယံ မြဝတီအသင်းက ၃၄ မှတ်စီဖြင့် ထိပ်ဆုံးတွင် အပြိုင်ဖြစ်နေပြီး ဂိုးကွာခြားချက်အသာရထားသည့် အား/ကာသိပ္ပံအသင်းက ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။ အမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ပြီးဆုံးတော့မည်ဖြစ်ပြီး နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၁၄) ကို ဇွန် ၆၊ ၇၊ ၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း