အမျိုးသမီးများ အကြမ်းဖက်မှု မခံရရေး အားလုံးကူညီ လက်တွဲပေး

ဒေါက်တာခိုင်ခိုင်ဝင်း


ယနေ့ကမ္ဘာကြီးရှိ အမျိုးသမီးထု၏ ၃၅ ရာခိုင်နှုန်းကျော်သည် ကိုယ်နှင့်ရင်းနှီး ခင်မင်သူ (သို့မဟုတ်) လက်တွဲဖော်၏ အကြမ်းဖက်ခြင်းကို ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ လိင်ပိုင်းဆိုင်ရာအရသော် လည်းကောင်း ခံစားနေရပါသည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အတွင်းမှာပင် ကမ္ဘာပေါ်ရှိ နေရာအသီးသီးမှ အမျိုးသမီး ၈၇၀ဝဝ ခန့်သည် အကြမ်းဖက်ခံရမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည်ဟု ဆိုပါသည်။ ထို့အပြင် လူကုန်ကူးခံရသူ လေးဦးတွင် သုံးဦးမှာ အမျိုးသမီး၊ အမျိုးသမီးငယ်များဖြစ်ကြပြီး ၎င်းတို့အား လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အသုံးချရန် ရည်ရွယ်ချက်ဖြင့် လူကုန်ကူးကြခြင်း ဖြစ်သည်ဟုလည်း UN Women အဖွဲ့ ကြီးမှ ဆိုထားပါသည်။


နိုင်ငံမတူ၊ ဘာသာမတူ၊ အသားအရောင် မတူ၊ အဖွဲ့အစည်းမတူ၊ ဘာသာစကားမတူ၊ ယဉ်ကျေးမှုမတူ စသည်ဖြင့် မတူညီသည့် အကြောင်းအရာ ခေါင်းစဉ်မျိုးစုံအောက်ရှိ အမျိုးသမီးများသည် လိင်ကွဲပြားမှုအပေါ် အခြေတည်ဖြစ်ပေါ်လာသည့် ခွဲခြားဆက်ဆံခံရခြင်းနှင့် အကြမ်းဖက်ခြင်းများကို ပုံစံမျိုးစုံဖြင့် ခံစားနေရပါသည်။ အမျိုးသမီးများအား အကြမ်းဖက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်သလို ကလေးသူငယ်အရွယ် အမျိုးသမီးငယ်လေးများနှင့် မသန်စွမ်းသူအမျိုးသမီးများအား အကြမ်းဖက်မှု ကျူးလွန်ခြင်းသည် ကလေးသူငယ် အခွင့်အရေးနှင့် မသန်စွမ်း အခွင့်အရေးတို့ကို ချိုးဖောက်ခြင်းလည်းဖြစ်ပါသည်။ အသက်အရွယ်စုံ အမျိုးသမီးများအား အကြမ်းဖက်ခြင်းသည် လူ့ဘောင် အဖွဲ့အစည်း အားလုံးမှ လက်ခံနိုင်ဖွယ်ရာ မရှိသော၊ လက်သင့်မခံနိုင်သော၊ ခွင့်လွှတ်နိုင်ဖွယ်ရာမရှိသော အကြမ်းဖက်မှုကြီးပင် ဖြစ်ပါသည်။ အမျိုးသမီးများအား အကြမ်းဖက်မှု ဖြစ်စဉ်ပြစ်မှုများကို ကျား/မ အခြေပြု ပြီး ခွဲခြားမှု အရင်းခံသောစိတ်ဖြင့် ပြုလုပ်သော အကြမ်းဖက်ပြစ်မှုဟုလည်း ဆိုကြပါသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်သော၊ နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားတိုးတက်ရေးကို အဟန့်အတားဖြစ်စေသော၊ တန်းတူညီမျှ အခွင့်အရေး မရရှိဘဲ ခွဲခြားခြင်း စိတ်အရင်းတည် ဖြစ်ပေါ်လာသော အမျိုးသမီးများအား အကြမ်းဖက်ခြင်း ပြဿနာအား အမြစ်ဖြတ် ချေမှုန်းရန်နှင့် အမျိုးသမီးများ အကြမ်းဖက် မခံရစေရေး နိုင်ငံတော်အပါအဝင် အားလုံးတွင် တာဝန်ရှိ၍ အားလုံးလက်တွဲ ကူညီကာကွယ် စောင့်ရှောက်ပေးရမည် ဖြစ်ပါသည်။


အမျိုးသမီးများအား အကြမ်းဖက်ခြင်းဆိုသည်မှာ


အမျိုးသမီးများအား အကြမ်းဖက်မှုဟု ဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စီးပွားရေး ဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ လက်ရောက်မှု၊ စော်ကားမှု၊ အနိုင်အထက်ပြု ခြိမ်းခြောက်မှု၊ လိင်အင်္ဂါအားဖြတ်တောက်မှု၊ အတင်းအကျပ်နှင့် အရွယ်မရောက်မီ အိမ်ထောင်ချပေးမှု၊ လူကုန်ကူးမှုခံရခြင်း စသည် ဖြင့် အကြမ်းဖက်မှုပုံစံ မျိုးစုံပါဝင်ပါသည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အဆိုအရ အမျိုးသမီးသုံးဦးတွင် တစ်ဦးမှာ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်း (သို့မဟုတ်) လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံ နေရသည်ဟုဆိုပါသည်။ ကျူးလွန်သူမှာလည်း အများအားဖြင့် ကျူးလွန်ခံရသူ အမျိုးသမီး၏ သွေးသားရင်းမိသားစုဝင်များ (သို့မဟုတ်) အိမ်ထောင်စုဝင်များထဲမှ တစ်ဦးဦး၊ ရင်းနှီး ကျွမ်းဝင်သူလက်တွဲဖော်တို့က အမျိုးသမီးအခွင့် အရေးကို ချိုးဖောက်၍ ခွဲခြားဆက်ဆံခြင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့ကို ပြုလုပ်လေ့ရှိသည်ဟု ဆိုပါသည်။


အကြမ်းဖက်ခံရခြင်း၏နောက်ဆက်တွဲဆိုးကျိုးများ


အမျိုးသမီးတစ်ဦး အကြမ်းဖက်ခံရခြင်း ဟုဆိုရာတွင် လတ်တလောကာလ အချိန်တို တစ်ခုအတွင်း၌ အကြမ်းဖက်ခံရခြင်းများရှိသလို ကာလကြာရှည်စွာ အကြမ်းဖက်ခံရသည့် အမျိုးသမီးများလည်း ရှိနေပါသည်။ ကာလတို ဖြစ်ပါစေ၊ ကာလရှည်ဖြစ်ပါစေ အမျိုးသမီးတစ်ဦး အကြမ်းဖက်ခံရသည် ဆိုပါက အကြမ်းဖက်ခံရသည့် အမျိုးသမီး၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးဆုံးရှုံးရသည်ကတော့ ငြင်းဆို၍မရနိုင်ပေ။ ကျန်းမာရေးရှုထောင့်မှ ကြည့်မည်ဆိုပါက လည်း အမျိုးသမီးတစ်ဦး အကြမ်းဖက်ခံရပါက သေဆုံးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင် ခံစားရခြင်း၊ နာတာရှည်ရောဂါ ခံစားရခြင်း၊ အမျိုးသမီးတွင် မလိုလားအပ်သော ကိုယ်ဝန်ရရှိသွားခြင်း၊ ကိုယ်ဝန်ဆောင်ရခြင်း၊ ကိုယ်ဝန်ဖျက်ချခံရခြင်း၊ HIV ကဲ့သို့ ရောဂါကူးစက်ခံရခြင်း၊ ဖယ်ကြဉ်ခံရခြင်း၊ စိတ်ကျရောဂါ၊ စိတ်ဖိစီးခြင်း၊ စိတ်ဒဏ်ရာရခြင်းများ စသည့် ကျန်းမာရေးနောက်ဆက်တွဲ ဆိုးကျိုးများစွာ ရရှိခံစားရသည်လည်း ဖြစ်ပါသည်။ ဖော်ပြပါ နောက်ဆက်တွဲ ဆိုးကျိုးများသည် အမျိုးသမီးများ ကိုယ်တိုင်နှင့် မိဘများ၊ အုပ်ထိန်းသူများအတွက် ယူကျုံးမရ ဝမ်းနည်းစေသည့် ဆိုးကျိုးများလည်း ဖြစ်ပါသည်။ စစ်တမ်းကောက်ယူ တွေ့ရှိချက်များအရ မသန်စွမ်း အမျိုးသမီးများသည် အကြမ်းဖက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးခံ ရမှုများကို သန်စွမ်းသူအမျိုးသမီးများထက် ပိုမို တွေ့ ကြုံနိုင်ခြေများသော အခြေအနေတွင် ရှိသည်သာမက တရားမျှတမှု ရပိုင်ခွင့်များလည်း ဆုံးရှုံးနေ ကြရသည်ဟု ဆိုပါသည်။ လူ့အခွင့်အရေးရှုထောင့်မှ ကြည့်မည်ဆိုပါကလည်း အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရခြင်းနှင့် မသန်စွမ်းအခွင့်အရေး ချိုးဖောက်ခံရခြင်းဖြစ်၍ ၊ နှစ်ကျော့ပြန်အခွင့်အရေး ချိုးဖောက်ခံရခြင်း ဖြစ်ပါသည်။ အကြမ်းဖက်ခံရသူသည် မသန်စွမ်းအမျိုးသမီး သက်ငယ်ဖြစ်ပါက ကလေးသူငယ်အခွင့်အရေးပါ ချိုးဖောက်ခံရသည့် သုံးကျော့ပြန် အခွင့်အရေးချိုးဖောက်ခံရခြင်း ဖြစ်ပါသည်။ အမျိုးသမီးများ ၊ အမျိုးသမီးငယ်များ အတွက် ဆိုးရွားသော အခွင့်အရေးနစ်နာ ဆုံးရှုံးမှု များပင်ဖြစ်ပါသည်။ အိမ်တွင်းအကြမ်းဖက်မှုကို ကိုယ်တွေ့မျက်မြင်ရင်ဆိုင်ရသော အမျိုးသမီးငယ် အနေဖြင့် စိတ်ဓာတ်ကျခြင်း၊ ဒေါသကြီးခြင်း၊ မိမိ ကိုယ်မိမိယုံကြည်မှုပျောက်ဆုံးခြင်း၊ ကျောင်းပညာ ရေးတွင် စိတ်ပါဝင်စားမှုနှင့် လေ့လာသင်ယူမှု စွမ်းရည်ကျဆင်းခြင်းများ ဖြစ်ပေါ်လာနိုင်သည်ဟု စစ်တမ်းများက ဆိုပါသည်။ ငယ်ရွယ်စဉ်အခါက အကြမ်းဖက်ခံရသူသည် စိတ်ဒဏ်ရာဖိစီးမှုများဖြင့် ကြီးပြင်းလာရပြီး အရွယ်ရောက်လာပါကလည်း အခြားသူများအား အကြမ်းဖက်သည့် အကြမ်းဖက် မှု ကျူးလွန်သူများဖြစ်လာဖို့ရာ ရာခိုင်နှုန်းများသည်ဟုလည်း စစ်တမ်းများက ဆိုပါသည်။


အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် မြန်မာနိုင်ငံ 


မြန်မာနိုင်ငံရှိ စုစုပေါင်း လူဦးရေ၏ ထက်ဝက်ကျော်ခန့်သည် အမျိုးသမီးများဖြစ်ပါသည်။ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်းနှင့် စပ်လျဉ်း၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိကျသော သတင်းအချက်အလက် ရရှိရေးမှာ မလွယ်ကူသေးသော်လည်း ယနေ့မျက်မှောက် ကာလ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ကိစ္စရပ်များ ပိုမိုများလာလျက် ရှိသည်ဟု သိရပါသည်။ အမျိုးသမီး သက်ငယ်မုဒိမ်းမှုများ တဖြည်းဖြည်း မြင့်တက်လာနေသည်ကိုလည်း စိုးရိမ်ဖွယ်ရာ မြင်တွေ့နေရပါသည်။ ရဲစခန်းသို့ ရောက်ရှိတိုင်ကြားသည့် အမှုများရှိသလို ရဲစခန်းသို့ ရောက်ရှိမလာသည့် ကိစ္စရပ်များ၊ ကျေအေးလိုက်သည့် ကိစ္စရပ်များ၊ တိုင်ကြားရမှန်း မသိသည့် အမှုများ၊ ဝေးလံခေါင်သီ ဒေသမှ ပြစ်မှုများစသည်ဖြင့် အမှုကိစ္စများစွာရှိနေပြီး အမျိုးသမီးများ၏ အခွင့်အရေးများ ဆုံးရှုံးနေကြရ၍ တရားမျှတမှုကို ရရှိ ခံစားနိုင်သည့် အခွင့်အရေးများလည်း ဆုံးရှုံးနေကြရပါသည်။ အကြမ်းဖက်မှုတိုင်းတွင် အကြမ်းဖက် သူ၌သာ တာဝန်ရှိသည် ဖြစ်သည့်အတွက် အကြမ်းဖက်သူအား ဥပဒေနှင့်အညီ အချိန်နှင့်တစ်ပြေးညီ အရေးယူနိုင်ရေး လွန်စွာမှအရေးကြီးလှပါသည်။


အမျိုးသမီးများအား အကြမ်းဖက်ခြင်းနှင့် သဘောထားများ


အမျိုးသမီးများ အကြမ်းဖက်ခံရခြင်းနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်စဉ်များစွာဖြစ်နေပါသော် လည်း မိသားစုအတွင်း၊ လူမှုအဖွဲ့အစည်းအတွင်း ပွင့်လင်းစွာချပြပြောဆိုမှုများ နည်းပါးနေသေး သည်ဟု စစ်တမ်းအချို့က ဆိုကြပါသည်။ အိမ်တွင်း အကြမ်းဖက်ခံရမှုဖြစ်စဉ်ကို တချို့က ဖြစ်ရိုး ဖြစ်စဉ်၊ သမားရိုးကျကိစ္စရပ်၊ မိသားစုပြဿနာဟု ထင်မြင်ယူဆကြခြင်း၊ လိင်အကြမ်းဖက်ခံရသည်ကို ထုတ်ဖော်ပြောဆိုပါက ပတ်ဝန်းကျင်၏အထင် အမြင်သေးမှုနှင့် ခွဲခြားဆက်ဆံခံရမည်ကို စိုးထိတ် နေကြခြင်း၊ ရှက်ရွံ့နေကြခြင်း၊ ပြဿနာဟု မမြင် ကြခြင်း၊ တိုင်ကြားလိုသော်လည်း မည်ကဲ့သို့ တိုင်တန်းရမည်ကို မသိရှိကြခြင်း၊ တရားစီရင်ရေး အပေါ်ယုံကြည်ကိုးစားမှု မရှိကြခြင်း၊ ဗဟုသုတ နည်းခြင်း၊ ဆွေမျိုးမိဘများအား ဒုက္ခပေးမည်ကို ကြောက်ရွံ့ ခြင်း၊ ခင်ပွန်းဖြစ်သူအပေါ် မှီခိုနေရခြင်း၊ မိသားစုပြိုကွဲမည်ကို မလိုလားခြင်း၊ ဆင်းရဲမွဲတေ ကြခြင်း စသည့်အချက်များကြောင့် မြန်မာနိုင်ငံ တွင်းရှိ အမျိုးသမီးများ အကြမ်းဖက်ခံရခြင်းနှင့် စပ်လျဉ်း၍ ပွင့်လင်းစွာ ထုတ်ဖော်ပြောဆို တိုင်ကြားမှုများနည်းပါးနေပြီး အကြမ်းဖက်ခြင်း နှင့်စပ်လျဉ်းသည့် မှန်ကန်တိကျသည့် သတင်း အချက်အလက်များပြုစုရေးတွင် အခက်အခဲများ ရှိနေသည်ဟု လေ့လာသိရှိရပါသည်။ ယင်းအတွက် ကြောင့် အကြမ်းဖက်ဖြစ်စဉ်များစွာ ဖြစ်ပွားနေ သည့်တိုင် ပြစ်မှုကျူးလွန်သူအားလုံးကို အပြစ် မပေးနိုင်ဘဲ အနည်းငယ်မျှကိုသာ တရားဥပဒေ ရှေ့မှောက်တွင် အပြစ်ပေးနိုင်ခဲ့သည်ဟု စစ်တမ်း များက ဆိုပါသည်။


မြန်မာနိုင်ငံ အတွင်းရှိ အမျိုးသမီးများအား ဥပဒေဖြင့် အကာအကွယ် ပေးထားခြင်း


ဥပဒေဟုဆိုရာတွင် နိုင်ငံတကာဥပဒေ၊ ပြည်တွင်းဥပဒေများကို ဆိုလိုပါသည်။ နိုင်ငံတကာ ဥပဒေဖြင့် အကာအကွယ်ပေးရာတွင် အမျိုးသမီး များအား နိုင်ငံရေး၊ ပြည်သူ့ရေးရာ၊ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် လူမှုရေးနယ်ပယ်တို့တွင် ခွဲခြားခံထား ရခြင်းမရှိစေရေး အကာအကွယ်ပေး ရေးဆွဲထားသော ပထမဆုံးအမျိုးသမီးအခွင့်အရေးဆိုင်ရာ ဥပဒေဖြစ်သည့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံမှ ၁၉၉၇ ခုနှစ်ကပင် အတည်ပြု ပါဝင်လက်မှတ်ရေးထိုး ထားခဲ့သည့်အတွက် နိုင်ငံအတွင်းရှိ အမျိုးသမီး များ ၎င်းတို့၏အခွင့်အရေးများ ရရှိခံစားနိုင်ရေး၊ ခွဲခြားဆက်ဆံခံရမှု မရှိစေရေး၊ အကြမ်းဖက်မှုများ မခံရစေရေးတို့အတွက် နိုင်ငံတော်မှ ကာကွယ်စောင့်ရှောက်ပါမည်ဟု ကတိကဝတ်ပြုထားခဲ့ပြီး ဖြစ်ပါသည်။ ကတိကဝတ်ပြုထားခဲ့သည်နှင့်အညီ စာချုပ်ပါ အခွင့်အရေးများအတိုင်း ရရှိခံစား နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအား Focal Ministry အဖြစ် သတ်မှတ်ဆောင်ရွက်စေခဲ့ပါသည်။ အဆိုပါ စာချုပ်ကြီး၏ စာချုပ်အဖွဲ့ဝင်နိုင်ငံအဖြစ် နိုင်ငံတွင်းရှိ အမျိုးသမီးများ၏ အခွင့်အရေးများ ချိုးဖောက်မခံရရေးနှင့် အခွင့်အရေးများ ရရှိခံစားနိုင်ရေးတို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို နိုင်ငံတော်အဆင့်၊ (အမျိုးသားအဆင့်ယန္တရား) ဖြင့်ဖွဲ့စည်းထားပြီး မူဝါဒ (၄)ရပ်ဖြင့် ဆောင်ရွက်နေသည်ဟု လေ့လာ သိရှိရပါသည်။ အဆိုပါမူဝါဒ (၄)ရပ်ထဲမှ မူဝါဒ (၁)ရပ်မှာ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကြိုတင်ကာကွယ်ရန်နှင့် စောင့်ရှောက်မှုပေးရန်ဟူသော အချက်ဖြစ်ပါသည်။ အမျိုးသမီးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်ခြင်းကို အရေးကြီးသော ကဏ္ဍတစ်ရပ်အဖြစ်မှတ်ယူ၍ နိုင်ငံတော်က ကာကွယ် စောင့်ရှောက်ပေးခြင်းဖြစ်ပါသည်။ ပြည်တွင်းဥပဒေများဖြင့် အကာအကွယ် ပေးခြင်းတွင် မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီး များအား အကြမ်းဖက်မှုမှ တားဆီးကာကွယ် ရေးဥပဒေ တစ်နည်းအားဖြင့် အမျိုးသမီးများအတွက် သီးသန့်အထူးဥပဒေ ပြဋ္ဌာန်းထားနိုင်ခြင်း မရှိသေးသော်လည်း ဥပဒေထုတ်ပြန် ပြဋ္ဌာန်းနိုင်ရေးအတွက် ဥပဒေကြမ်းကိုမူ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲနေပြီ ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ အမျိုးသမီး များအတွက် အားတက်ဖွယ်၊ ဝမ်းသာဖွယ် သတင်းကောင်းပင်ဖြစ်ပါသည်။


မျိုးသမီးများအား အကာအကွယ်ပေး ထားသည့် တည်ဆဲဥပဒေများထဲမှ တချို့ကို ဖော်ပြရမည်ဆိုလျှင်ဖြင့် ရာဇသတ်ကြီး (၁၈၆၀)၊ ရာဇဝတ်ကျင့်ထုံးဥပဒေ (၁၈၉၈)၊ ကလေးသူငယ် ဥပဒေ (၁၉၉၃)၊ လူကုန်ကူးမှု တားဆီးကာကွယ် ရေး ဥပဒေ (၂၀ဝ၅)၊ အရေးပေါ်စောင့်ရှောက်ရေး နှင့် ကုသရေးဥပဒေ(၂၀ဝ၅) စသည်တို့ဖြစ်ပါ သည်။ အမျိုးသမီးများကို အကြမ်းဖက်သည့် ပြစ်မှုကျူးလွန်သူများအား ထိရောက်သည့် ပြစ်ဒဏ် ချမှတ်ပေးခြင်းသည် အမျိုးသမီးများ၏ ဘဝလုံခြုံရေးကို အကာအကွယ်ပေးခြင်းလည်း ဖြစ်ပါသည်။ သို့သော်လည်း လက်ရှိဖြစ်ပေါ်နေ သည့် အခြေအနေများအရ အမျိုးသမီးများအား အကာအကွယ် အပြည့်အဝပေးနိုင်သည့် သီးသန့် အထူးဥပဒေကား အမှန်ပင် လိုအပ်နေပါ၍ နိုင်ငံတော်ကအမြန်ဆုံး ထုတ်ပြန် ပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ဥပဒေဖြင့် ကာကွယ်ခြင်းသည်သာ အမှန် တကယ် အကျိုးရှိ ထိရောက်၍ ထိရောက်မှု သည်လည်း မြန်ဆန်မှုရှိခြင်းကြောင့်ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးအဖွဲ့အစည်းများ မြန်မာနိုင်ငံ အတွင်းရှိ အမျိုးသမီးများဘဝ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လုံခြုံရေးတို့အတွက် နိုင်ငံတော်တွင် အဓိကတာဝန်ရှိသလို အမျိုးသမီးများ ကိုယ်တိုင်နှင့် လူမှုအဖွဲ့အစည်းအားလုံးတွင် တာဝန်ရှိသည်လည်းဖြစ်ပါသည်။ မြန်မာနိုင်ငံ အတွင်း လက်ရှိ အမျိုးသမီးအရေး ဆောင်ရွက်နေကြသည့်ကော်မတီ၊ အဖွဲ့အစည်းများကို လေ့လာမိသရွေ့ ဖော်ပြရမည်ဆိုလျှင်ဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၊ မြန်မာ နိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာ နိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်ဘဝ မြှင့်တင်ရေးအသင်း စသည့်အဖွဲ့အစည်းများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း များစွာသည်လည်း အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အကြမ်း ဖက်မခံရစေရေး၊ အမျိုးသမီးများဘဝ လုံခြုံရေး၊ ကျား/မ တန်းတူရည်တူ ရှိရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြသည်ကို တွေ့ရှိနေရပါ သည်။ မြန်မာနိုင်ငံ အတွင်းရှိ အမျိုးသမီးများ ကဏ္ဍဘက်စုံ ဖွံ့ ဖြိုးတိုးတက်ရေးကို ဦးတည် ဆောင်ရွက်နိုင်ရေးအတွက် ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာ ကော်မတီ (ယခု မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်)ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ မြန်မာ အမျိုးသမီးများအရေး ဦးတည်ဆောင်ရွက်ရေးအတွက် ဖွဲ့စည်းလိုက်သည့် ထိုနေ့ထူးနေ့မြတ် (ဇူလိုင် ၃) ရက်နေ့ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်၍ နိုင်ငံတစ်ဝန်း အမျိုးသမီး များနေ့အထိမ်းအမှတ် ပျော်ပွဲ ရွှင်ပွဲများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများကို နိုင်ငံတော်အဆင့် တွင်သာမက အရပ်ဘက်လူမှုအဖွဲ့အစည်းများကြားတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ကြသည်ကို တွေ့ မြင်ရပါသည်။ မြန်မာနိုင်ငံ အတွင်းရှိ အမျိုးသမီးများအား အလေးထားဂုဏ်ပြု ဆောင်ရွက်ပေးခြင်းဖြစ်သည့်အတွက် အမျိုးသမီးတစ်ဦး အနေဖြင့် များစွာကျေနပ် ဂုဏ်ယူရပါသည်။ နိုင်ငံတော်နှင့် အရပ်ဘက်အဖွဲ့အစည်းများစွာ၊ အစိုးရ အဖွဲ့အစည်းမဟုတ်သည့် အဖွဲ့အစည်းများစွာတို့မှ အမျိုးသမီးများအရေး နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင် ရွက်နေသည့်တိုင် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများအား အမြစ်ဖြတ် ဖြေရှင်းနိုင်ရေး လိုအပ်ချက်များစွာ ကျန်ရှိနေသေးသည့်အတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်လည်း ဖြစ်ပါသည်။ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရာတွင် လည်း ဟန်ချက်ညီ အတူတကွ အားလုံးကြိုးပမ်း ဆောင်ရွက်ပါမှ အင်အားတစ်ခုဖြစ်လာမည် ဖြစ်ပြီး အောင်မြင်မှုရနိုင်မည်လည်း ဖြစ်ပါသည်။


ကူညီစောင့်ရှောက်ကြပါစို့


အမျိုးသမီးများ နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု မခံရစေရေး အားလုံးတွင် တာဝန်ရှိ၍ အားလုံးနှင့် ဆိုင်သော ပြဿနာဖြစ်ပါသည်။ အားလုံးကူညီ စောင့်ရှောက်ကြရမည် ဖြစ်ပါသည်။ တစ်ဦး တစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်းမှ ကိုင်တွယ်ဖြေရှင်း၍ရသည့် ပြဿနာမဟုတ် အားလုံး ပူးပေါင်းပါဝင် ဖြေရှင်းရမည့် ပြဿနာဖြစ်ပါသည်။ 


သို့အတွက် အမျိုးသမီးများ အကြမ်းဖက်မှုမခံရစေရေး လူမှုအဖွဲ့အစည်းများမှ ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ရန် လိုအပ်ပါကြောင်းနှင့် အမျိုးသမီး များအတွက် ၎င်းတို့၏အခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့်ကာကွယ် စောင့်ရှောက်မှုခံစားပိုင်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြုံမှု ရပိုင်ခွင့်များအတွက် နိုင်ငံတော်အပါအဝင် အားလုံးတွင် တာဝန်ရှိ၍ စောင့်ရှောက်ပေးကြရမည်ဖြစ်ပါသည်။ အမျိုးသမီးများလုံခြုံမှုရှိစေရန်၊ အကြမ်းဖက်မခံရစေရန် ကျွန်မတို့၏ ခွန်အား၊ ကြိုးစားမှုများကို ယနေ့ ကြိုးစားဆောင်ရွက်နေသည်ထက် နှစ်ဆတိုးမြှင့် ဆောင်ရွက်ကြရန်လိုအပ်နေပါသည်။ အမျိုးသမီးများ ကိုယ်၊ စိတ်ကျန်းမာလုံခြုံပါမှ ၎င်းတို့ နှင့်ဆက်စပ်နေ သည့် မိသားစုမှသည် လူမှုအဖွဲ့အစည်း၊ လူမှုအဖွဲ့စည်းမှသည် နိုင်ငံတော်အထိ သာယာဝပြော ပျော်ရွှင်နေ မည်ဖြစ်ပါသည်။


ကလေးများအတွက်၊ မိသားစုအတွက်၊ နိုင်ငံအတွက် အမျိုးသမီးများသည် အကြမ်းဖက်ခံရခြင်းမှ ကင်းဝေးရန်နှင့် တန်းတူညီမျှ အခွင့်အရေးအပြည့် အဝရရှိရန် လိုအပ်ပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ရေးရာ စသည့် ဘဝ စာမျက်နှာ နယ်ပယ် အသီးသီးတွင် အမျိုးသမီးများသည် လိင်ကွဲပြားမှု အခြေပြု၍ ခွဲခြားဆက်ဆံခံရခြင်း၊ အကြမ်းဖက်ခံရခြင်းများမှ ကင်းဝေးကြရန်နှင့် လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့် များကိုလည်း အမျိုးသားများနည်းတူ ခံစားရရှိနိုင် ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်သည့် "မြန်မာနိုင်ငံ အမျိုးသမီးများနေ့" ကို ဂုဏ်ပြုရေးသား လိုက်ရပါသည်။ 


မြန်မာ့အလင်း