အမျိုးသမီးများ အကြမ်းဖက်မှုမှကာကွယ်ရေး အားလုံးကူညီစောင့်ရှောက်ပေး

သိုက်စိုးထွန်း (နတ်ရွာ)

လူ့ယဉ်ကျေးမှုအဆင့်အတန်းဟာ ကမ္ဘာဦးအစကနေ ဒီကနေ့အချိန်အထိ အဆင့်ဆင့် တိုးတက်မြင့်မားလာခဲ့တယ်။ ယဉ်ကျေးမှုအဆင့်အတန်းတွေ မြင့်မားလာလေလေ အကြမ်းဖက်မှုတွေ လျော့နည်းလာလေလေလို့ ပြောရမှာပါ။ ယဉ်ကျေးတာနဲ့၊ ကြမ်းတမ်းတာနဲ့က ဆန့်ကျင်ဘက်တွေပါ။ လူ့သမိုင်းကသာ ကာလရှည်ခ ရီးတစ်လျှောက်မှာ တိုးတက်ပြောင်းလဲလာခဲ့တာ။ အကြမ်းဖက်မှုဆိုတာကြီးက ဒီကနေ့ အချိန်အထိ လူ့လောကထဲကနေ ပျောက်ကွယ်မသွားသေးပါဘူး။ ကမ္ဘာကြီးရဲ့ နေရာဒေသပေါင်းစုံက အကြမ်းဖက်မှုဆိုင်ရာ သတင်းဆိုးတွေကို ဒီကနေ့အချိန်အထိ စိတ်မကောင်းဖွယ်ရာ တွေ့မြင်ကြားသိနေရဆဲပဲ ဖြစ်ပါတယ်။

ဘယ်အကြမ်းဖက်မှုမဆို မကောင်းပါဘူး

အကြမ်းဖက်မှုလို့ပြောလိုက်တာနဲ့ ဘယ်အကြမ်းဖက်မှုမှ မကောင်းပါဘူး။ နိုင်ငံတစ်နိုင်ငံက တခြားနိုင်ငံတစ်နိုင်ငံအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုပဲဖြစ်ဖြစ်၊ လူမျိုးစုတစ်ခုက တခြားလူမျိုးစုတစ်ခုအပေါ် ကျူးလွန်တဲ့အကြမ်းဖက်မှုပဲ ဖြစ်ဖြစ်၊ လူတစ်ဦးတစ်ယောက်က တခြားတစ်ဦးတစ်ယောက်အပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုပဲ ဖြစ်ဖြစ်၊ အမျိုးသားတစ်ဦး က အမျိုးသမီးတစ်ဦးအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုပဲ ဖြစ်ဖြစ်၊ အမျိုးသမီးတစ်ဦးက အမျိုးသားတစ်ဦးအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှု (ရှားတော့ရှားပါလိမ့်မယ်) ပဲ ဖြစ်ဖြစ်၊ အမျိုးသားအချင်းချင်း ကျူးလွန်တဲ့ အကြမ်းဖက်မှုပဲ ဖြစ်ဖြစ်၊ အမျိုးသမီးအချင်းချင်း ကျူးလွန်တဲ့အကြမ်းဖက်မှုပဲ ဖြစ်ဖြစ် ဘယ်လို အကြမ်းဖက်မှုမျိုးကိုမှ ကောင်းမွန်မှန်ကန်တဲ့ လုပ်ရပ်လို့မဆိုနိုင်ပါဘူး။ အကြမ်းဖက်မှု မှန်သမျှဟာ ရွံရှာစက်ဆုပ်ဖွယ်ချည်းဖြစ်ပါတယ်။

အော့နှလုံးနာစရာ အကြမ်းဖက်မှုကြီးတွေကို ဘာ့ကြောင့်များ ဆက်လက် ကျူးလွန်နေကြရတာလဲဆိုတာ လေးလေးနက်နက် စဉ်းစားစရာကောင်းပါတယ်။

အကြမ်းဖက်မှုကို သိသိကြီးနဲ့ ကျူးလွန်နေကြတာရှိနိုင်သလို ကိုယ်ပြုလိုက်တဲ့ အပြုအမူတစ်ခုက အကြမ်းဖက်မှုကြီး ပါလားဆိုတာကို မသိနားမလည်တဲ့အတွက် အကြမ်းဖက်မှု တွေကို ဘာသိဘာသာ ပြုလုပ်မိနေတာမျိုးလည်း ရှိနေနိုင်ပါ တယ်။

အကြမ်းဖက်မှုဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာကို အရင်ဆုံး လေ့လာကြည့်လိုက်ကြရအောင်ပါ။ အများအားဖြင့်တော့ အကြမ်းဖက်မှုလို့ဆိုလိုက်တာနဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးတွေ၊ အသေခံဗုံးခွဲမှုကြီးတွေ၊ ကားဗုံးဖောက်ခွဲမှု ကြီးတွေ၊ မိုင်းထောင်ဖျက်ဆီးမှုကြီးတွေ၊ ပြန်ပေးဆွဲမှု၊ မုဒိမ်းမှုကြီးတွေ စသည်အားဖြင့် အလွန်တရာ ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုကြီးတွေကိုသာ ပြေးမြင်လိုက်မိ တတ်ကြပါတယ်။ တကယ်တော့ အကြမ်းဖက်မှုဆိုတဲ့စကားရပ်ရဲ့ နယ်ပယ်ဟာ ဒီ့ထက်ပိုပြီး ကျယ်ပြန့်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီးတော့ ကိုယ်တောင်သတိမထားလိုက်မိတဲ့ အကြမ်းဖက်မှုတွေ တကယ်ပဲရှိနေကြပါတယ်။

အမျိုးသမီးနှင့် ကလေးများအပေါ် အကြမ်းဖက်မှု

အထူးသဖြင့် အမျိုးသမီးတွေအပေါ်မှာ ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ကလေးသူငယ်တွေအပေါ်မှာ ကျူးလွန်နေကြတဲ့ အကြမ်းဖက်မှုတွေဟာ လူမှုပတ်ဝန်းကျင်မှာ သိုသိပ်ကျယ်ပြန့်စွာနဲ့ ဖြစ်ပေါ်နေကြပါတယ်။ အကြမ်းဖက်မှု အတိမ်အနက်သာ ကွာချင်ကွာမယ်၊ အကြမ်းဖက်မှုတွေကတော့ ပုံစံအမျိုးမျိုးနဲ့ ရှိနေတတ်ကြပါတယ်။ ဒီနေရာမှာတော့ အမျိုးသမီး တွေအပေါ်မှာ ကျူးလွန်မိလေ့ရှိကြတဲ့ အကြမ်းဖက်မှုတွေ အကြောင်းကို တင်ပြသွားမှာဖြစ်ပါတယ်။

အမျိုးသမီးလို့ဆိုလိုက်တာနဲ့ အားနွဲ့သူဆိုတဲ့စကားလုံးကို နာမဝိသေသနအဖြစ်နဲ့ ပူးတွဲပြီးမြင်လိုက်တတ်ကြပါတယ်။ အသိဉာဏ်အရာမှာ အားမနည်းပေမယ့် ဇီဝကမ္မ သဘောအရ ကိုယ်ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံမှာတော့ အမျိုးသားတွေထက် အားနွဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ သူတို့တွေအပေါ်မှာ အမျိုးသားတွေက ဘယ်ပုံဘယ်နည်းနဲ့ အကြမ်းဖက်မှုတွေကျူးလွန်နေလေ့ ရှိကြသလဲဆိုတာကို သိရှိအောင် ကြိုးစားပြီးတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုအကြမ်းဖက်မှုမျိုးတွေ မဖြစ်အောင် ကာကွယ်စောင့်ရှောက်မှုတွေကို တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်ကြသင့်ပါတယ်။ ဒါမှသာ ကိုယ်နေထိုင်တဲ့လောက၊ ကိုယ့်ပတ်ဝန်းကျင်ဟာ တဖြည်းဖြည်းနဲ့ ပိုမိုလှပလာမှာ ဖြစ်ပါ တယ်။

သိသာမြင်သာတဲ့ အကြမ်းဖက်မှုတွေကတော့ ကိုယ်ထိလက်ရောက် ရိုက်နှက် ကန်ကြောက်တာတွေပါပဲ။ ယဉ်ကျေးမှု အဆင့်အတန်းတွေ မြင့်မားလာပါပြီဆိုတဲ့ ဒီကနေ့ခေတ်ရဲ့ လူမှုပတ်ဝန်းကျင်ထဲမှာလည်း ယောကျာ်းက မိန်းမကို ရိုက်လား နှက်လား လုပ်တယ်ဆိုတဲ့အဖြစ်တွေ ရှိနေသေးပါတယ်။ ဇနီးမယားကိုပဲဖြစ်ဖြစ်၊ သမီးမိန်းကလေးတွေ၊ ညီမလေးတွေကိုပဲဖြစ်ဖြစ်၊ အရွယ်မရောက်သေးတဲ့ ကလေး သူငယ်လေးတွေကိုပဲ ဖြစ်ဖြစ်၊ တခြားမိန်းကလေးတွေကိုပဲဖြစ်ဖြစ် ရိုက်နှက်ပုတ်ခတ်မှု ကျူးလွန်တာတွေဟာ အရုပ်ဆိုး အကျည်းတန်တဲ့ အပြုအမူတွေ ဖြစ်ပါတယ်။ အထူးသဖြင့် လင်ယောကျာ်းက ဇနီးကို ရိုက်တဲ့နှက်တဲ့ကိစ္စတွေက တော်တော် များများကို ရှိနေကြဆဲဖြစ်ပါတယ်။

ဘယ်လောက်ပဲ ကြမ်းတမ်းရိုင်းပျနေတဲ့ လင်ယောကျာ်းပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ မူးရူးသောက်စား ရမ်းကားနေတဲ့ ယောကျာ်းကိုပဲဖြစ်ဖြစ် ဇနီးသည်တွေကတော့ သည်းခံနိုင်သမျှ သည်းခံနေလေ့ရှိကြပါတယ်။ ဒါကလည်း မိန်းမကောင်းပန်းပန် တစ်ပွင့်တန်ဆိုတဲ့ မြန်မာ့ဆိုရိုးစကားအရ တတ်နိုင်သမျှ တစ်သက်မှာ တစ်အိမ်ထောင်ပဲ တည်ဆောက်လိုကြတဲ့အတွက် ဖြစ်ပါတယ်။

ကွဲကြကွာကြဖို့ အခြေအနေ ရောက်လာပြန်တော့လည်း အလွယ်တကူနဲ့ ကွဲခွင့်ကွာခွင့် ရကြတာမဟုတ်ပါဘူး။ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဆီ သွားရမှာလိုလို၊ ရှေ့နေရှေ့ရပ်တွေနဲ့ တိုင်ပင်ရမှာလိုလို၊ အမျိုးသမီးရေးရာအဖွဲ့က တာဝန်ရှိသူတွေဆီ သွားရမှာလိုလိုနဲ့  ဇဝေဇဝါဖြစ်နေကြပါသေးတယ်။ ပြီးတော့ ကွဲကွာခွင့် တောင်းတဲ့ကိစ္စက တစ်ခါတည်းအဆင်ပြေ သွားရင်တော်သေးရဲ့၊ အဆင်မပြေခင် စပ်ကြားမှာ ဒီအိမ်ကိုပဲ ပြန်ပြန်လာရမှာဆိုတော့ ဒီကြားကာလမှာ ထပ်ပြီး ကိုယ်အားဖြင့် သော်လည်းကောင်း၊ စိတ်ဓာတ်စစ်ဆင်ရေးအားဖြင့် သော်လည်းကောင်း အနည်းနည်းအဖုံဖုံ နှိပ်စက်နေရင် မခက်ဘူးလား။ ဒီလိုတွေ တွေးဖြစ်ကြတာနဲ့ ကွဲခွင့်ကွာခွင့်တောင်းတဲ့ အခြေအနေကို မရောက်ဖြစ်ကြတာတွေ ရှိပါတယ်။

စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများလည်း ကြုံတွေ့နိုင်

ဓားနဲ့ခုတ်မှ၊ တုတ်နဲ့ရိုက်မှ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ အကြမ်းဖက်မှုတွေကလည်း ပုံစံမျိုးစုံနဲ့ စိမ့်ဝင်ပျံ့နှံ့ နေပါသေးတယ်။ “ငါက တစ်မိသားစုလုံးကို ရှာဖွေကျွေးမွေးနေတာ၊ နင်ဘာအသုံးကျသလဲ”တို့၊ “ငါရှာထားတဲ့ ပိုက်ဆံ ငါသုံးချင်သလို သုံးမယ်၊ နင့်ပိုက်ဆံတစ်ပြားမှ မပါဘူး” တို့ စသည်အားဖြင့် အိမ်မှုကိစ္စဗာဟီရတွေနဲ့ နပန်းလုံးနေရတဲ့ အိမ်ရှင်မအပေါ်မှာ စော်ကားမော်ကား ပြုမူပြောဆိုတာတွေဟာလည်း စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေပဲ ဖြစ်ပါတယ်။

အမျိုးသမီးတစ်ယောက်၊ အိမ်ရှင်မတစ်ယောက်ရဲ့ ကိုယ်ရေးအချက်အလက်ကို ဖြည့်စွက်ရတဲ့အခါတိုင်း မှီခိုဆိုတဲ့စကားလုံးက တော်တော်များများမှာ ပါလေ့ရှိကြပါတယ်။ မှီခိုဆိုတဲ့စကားလုံးက သူတစ်ပါးရဲ့ လုပ်စာအပေါ်မှာ မှီခိုစားသောက်နေရတယ်ဆိုတဲ့ သဘောကြီးဖြစ်နေတယ်။ တကယ်တော့ အိမ်ရှင်မတွေရဲ့ ဘဝဟာ သေသေချာချာ တွေးကြည့်ရင် ကိုယ်ချင်းစာတရားထားစရာ သိပ်ကောင်းပါတယ်။ အများအားဖြင့် လင်ယောကျာ်း အိပ်ယာမထခင်မှာ အိပ်ရာထကြရတယ်။ မိုးလင်းက မိုးချုပ် အိမ်မှုကိစ္စဗာဟီရတွေနဲ့ တကုပ်ကုပ် အလုပ်တွေရှုပ်နေကြရတယ်။ ထမင်းချက်၊ ဟင်းချက်ကိစ္စတွေ၊ အဝတ်လျှော်၊ မီးပူတိုက်ရတာတွေ၊ အိမ်သန့်ရှင်းရေးလုပ်ရတာတွေ၊ ယုတ်စွအဆုံး အိမ်ကဘုရားမှာ ပန်း၊ ရေချမ်း၊ ဆွမ်း၊ ဆီမီး ကပ်လှူကြရပြန်တော့လည်း သူတို့အလုပ်၊ အိမ်ကကလေးကို ကျူရှင်ပို့လိုက်၊ ကျောင်းပို့လိုက်လုပ်ရပြန်တော့လည်း သူတို့အလုပ်၊ အိမ်မှာရှိသမျှ စုံစီနဖာအလုပ်တွေ အားလုံးကို နေ့စဉ်နဲ့အမျှ သိမ်းကျုံးလုပ်ကိုင်နေ ကြရသူတွေက အိမ်ရှင်မတွေချည်း ဖြစ်နေတတ်ကြပါတယ်။

တချို့ကပြောပါလိမ့်မယ်။ ဒီခေတ်အမျိုးသမီးအများစုက အိမ်ထဲမှာပဲ ကုပ်ကပ်နေပြီး အိမ်တွင်းပုန်း အိမ်ရှင်မကြီးလုပ်မ နေကြတော့ဘူး။ အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီး ကုမ္ပဏီတွေမှာ၊ ရုံးတွေ၊ ဌာနတွေရဲ့ အရေးပါတဲ့နယ်ပယ်တွေမှာ ဝင်ရောက် လုပ်ကိုင်နေကြပါပြီလို့။ ဒီလိုဆိုပြန်တော့လည်း သူတို့အိမ်မှာ စောစောကပြောတဲ့ ဗာဟီရကိစ္စတွေကို ဘယ်သူတွေ လုပ်ကိုင်နေကြရသလဲလို့ ပြန်မေးစရာရှိလာပါတယ်။ အိမ်ရှင်မက အိမ်မှုကိစ္စတွေ  မလုပ်နိုင်တဲ့အခါ တခြားအမျိုးသမီးတစ်ယောက် ယောက်ကို အိမ်အကူအနေနဲ့ ခေါ်ယူပြီး လုပ်ကိုင်စေတာမျိုးပဲ အများအားဖြင့် တွေ့ရတတ်တာပါပဲ။ အိမ်ရှင်မပဲဖြစ်ဖြစ်၊ အိမ်အကူပဲဖြစ်ဖြစ် ဒီအလုပ်တွေကို အမျိုးသမီးအများစုလုပ်ကိုင် နေကြရတာကတော့ အမှန်ပါပဲ။ အများအားဖြင့်ကတော့ အိမ်မှုကိစ္စအလုပ်တွေ၊ မီးဖိုချောင်အလုပ်တွေကို အိမ်ရှင်မတွေကသာ လုပ်ကြကိုင်ကြရတာ ဖြစ်ပါတယ်။

မိုးလင်းကမိုးချုပ် ဘယ်လိုပင် အလုပ်တွေရှုပ်နေပေမယ့် အလုပ်အကိုင်ဆိုတဲ့ နေရာမှာဖြည့်ရတော့ မှီခိုဆိုတဲ့ စကားလုံးသာဖြစ်နေပါတယ်။ ဒါကိုက သူတို့အတွက် သိမ်ငယ်စရာလို ဖြစ်နေပြန်ပါတယ်။ ဒီကြားထဲမှာ ကိုယ့်အိမ်ထောင်ဘက်က ချိုးနှိမ်ဆက်ဆံနေတယ်၊ ကိုယ်ရောစိတ်ပါ အကြမ်းဖက်မှုတွေ ပြုလုပ်နေတယ်ဆိုရင် ဒီလိုပြုမူခံနေရတဲ့ အမျိုးသမီးတွေရဲ့ဘဝ ဟာ ဘယ်လောက်သနားစရာကောင်းသလဲ ဆိုတာကို ကိုယ်ချင်းစာကြည့်စရာ ဖြစ်ပါတယ်။ “ကျွန်မသူ့ကို ကြောက်လည်း ကြောက်လှပါပြီ၊ ရွံလည်း ရွံလှပါပြီ၊ သူနဲ့ဝေးရာမှာ လွတ်လွတ်ကျွတ်ကျွတ် နေခွင့်ရအောင်၊ ကျွန်မတို့သားအမိနှစ်ယောက် ကိုယ့်အိမ်ကိုယ် ပြန်နေခွင့်ရအောင် ကူညီပါဦး” လို့ နီးစပ်ရာ လူကြီးသူမတွေဆီမှာ အပူကပ်နေကြတဲ့သူတွေ တွေ့ဖူးကြပါလိမ့်မယ်။ အကူအညီတောင်းခံရတဲ့ သူတွေဘက်ကကျပြန်တော့လည်း “သူဒီလိုပြောတာ သူစိတ်ဆိုးတုန်းခဏမို့ ဖြစ်မှာပါ။ စိတ်ပြေသွားရင်တော့ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမှာပါ”လို့ တွေးမိပြီး ရွှေပြည်အေးတရားပဲ ပြန်ဟောလိုက်မိကြတာ များပါ လိမ့်မယ်။

စိတ်နုကြတယ်လို့ပဲ ပြောရမလား။ မိသားစုအရေး၊ သားသမီးအရေးတွေကို ငဲ့ကြတယ်လို့ပဲပြောရမလား။ အများအားဖြင့်ကတော့ မောင့်ဆိုးမျိုးကို ကြိတ်မှိတ် ခံပါ့မယ်ဆိုတဲ့သူတွေသာ များနေကြပြန်ပါတယ်။ ဒီလိုခံကြရသူတွေက အများအားဖြင့် အမြဲလိုလို သောက်စားမူးယစ်နေသူကိုမှ အိမ်ထောင်ဘက်အဖြစ် ရွေးချယ်လက်ခံခဲ့မိသူတွေမှာ တွေ့ကြုံရလေ့ ရှိပါတယ်။

ကွာရှင်းဖို့ ပြောမိပြန်တော့ “နင်က နောက်လင်ယူချင်နေပြီလား”ဆိုတာနဲ့ ပြောစရာစကားမရှိ၊ ဆွံ့အသွားရတဲ့အဖြစ်ကို ရောက်သွားရပြန်တယ်။ “နောက်တစ်ခါ ပြောရဲပြောကြည့်၊ သတ်ပစ်မယ်” ဆိုပြန်တော့ ဒီစကားမျိုး ဟတောင်မဟရဲတော့ လောက်အောင် ကြောက်ကြရပြန်တယ်။

ဒီနေရာမှာ သတိချပ်ရမှာက အိမ်ထောင်ရှင်အားလုံးရဲ့ ဘဝတွေကို ဖော်ကျူးနေတာမဟုတ်ဘဲ အကြမ်းဖက်ခံအမျိုး သမီးတွေရဲ့ ဘဝကိုသာ ဖော်ကျူးနေတယ်ဆိုတဲ့ အချက်ပါ။ အားလုံးကို သိမ်းကျုံးပြီး ဝါးလုံးရှည်နဲ့ ရမ်းနေခြင်းမဟုတ်ပါ ဘူး။

လိင်မှုကိစ္စအကြမ်းဖက်မှုများ

အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေက အိမ်တွင်းမှာသာ မကပါဘူး။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကြားမှာလည်း ဖြစ်ပျက်နေကြပါသေးတယ်။ အလွန်တရာ အရုပ်ဆိုး အကျည်းတန်တဲ့ မုဒိမ်းမှုဆိုတာကြီးတွေ ရှိနေကြသေးတယ်။ ပိုပြီး ရက်စက်ယုတ်မာတာက လူ့လောကကြီးအကြောင်း ဘာတစ်ခုမှ မသိနားမလည်ရှာကြသေးတဲ့ သုံးလေးငါးနှစ်အရွယ်၊ ဆယ့်လေးငါးနှစ်အရွယ် အမျိုးသမီးငယ်လေးတွေမှာ  လိင်မှုကိစ္စ အကြမ်းဖက်မှုကြီးတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ လောကကြီးဆိုတာ ဘယ်လိုဟာမှန်းတောင် မသိသေးတဲ့ ကလေးလေးတစ်ယောက်မှာ ရက်စက်ကြမ်းကြုတ်တဲ့၊ လူမဆန်တဲ့ သူတစ်ယောက်ရဲ့ အနိုင်အထက် ပြုကျင့်မှုတွေနဲ့ ကြောက်လန့်စရာ ရင်ဆိုင်ကြုံတွေ့လိုက်ရတော့ သူတို့ဘဝမှာ ဒီအဖြစ်ဆိုးကြီးက ဘဝတစ်လျှောက်လုံး အိပ်မက်ဆိုးကြီးတစ်ခုအနေနဲ့ အဆက်မပြတ် ခြောက်လှန့်နေတော့မယ် ထင်ပါတယ်။

မုဒိမ်းမှုဆိုတဲ့အဆင့်ကြီးအထိ မရောက်ပေမယ့် ပြွတ်သိပ်ညပ်ကျပ်နေတဲ့ လိုင်းကားပေါ်မှာ လူ့သရမ်းတွေရဲ့ တို့ထိကိုင်တွယ်မှုကို ကြုံရတာမျိုး၊ လူစည်စည်ရှိရာ အရပ်တွေမှာ ဘယ်သူကမှန်းမသိ လှမ်းအဆွဲခံလိုက်ရတာမျိုးတွေလည်း တချို့တလေ ကြုံကြရတယ်လို့ဆိုပါတယ်။

တချို့နိုင်ငံတွေမှာတော့ ရမ္မက်ခိုးဝေတဲ့ မျက်လုံးမျိုးနဲ့ စိမ်းစိမ်းကြည့်တာမျိုးကိုတောင်မှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုလို့ သတ်မှတ်ထားကြပါတယ်။ စေ့စေ့မကြည့်သင့်တဲ့ နေရာတွေကိုမှ မျက်နှာပြောင်တိုက်ပြီး စေ့စေ့ကြည့်နေတာမျိုးတွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့လည်း မလျော်ညီသလို ကျင့်ဝတ်ပိုင်းအရလည်း ရိုင်းပျမှုတစ်မျိုး ဖြစ်ပါတယ်။ ဒီကြားထဲကမှ ထင်ပေါ်ကျော်ကြားလိုဇောနဲ့ ရေလိုက်လွဲပြီး ကိုယ့်ကို ကြည့်စေချင်လို့ အဖော်အချွတ်၊ အတိုအပြတ်တွေ ဝတ်ကြဆင်ကြ၊ ဓာတ်ပုံ၊ ဗီဒီယိုတွေရိုက်ပြီး တင်ကြတဲ့ အမျိုးသမီးတချို့ရှိနေပြန်တော့ ဒီပြဿနာတွေကို ရှင်းဖို့လင်းဖို့က ပိုပြီးတော့ အခက်ကြုံရပြန်ပါတယ်။ ဒါကတော့ အမျိုးသမီးတွေကိုယ်တိုင် ရှောင်ကြဉ်ကြရမယ့်အပိုင်းတွေ ဖြစ်ပါတယ်။

အမျိုးသမီးတွေမှာ အကြမ်းဖက်မှုတွေသာမက ခွဲခြားဆက်ဆံမှု နည်းမျိုးစုံနဲ့လည်း ရင်ဆိုင်ကြုံတွေ့နေကြရပါသေးတယ်။ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ကော်မတီစာချုပ် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လို့ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုနည်းမျိုးစုံ ပပျောက်ရေးဆောင်ရွက်နေတာ မှန်သော်လည်းပဲ ဒီကနေ့အထိ အမြစ်မပြတ်နိုင်သေး တာကိုတော့ ဝန်ခံကြရဦးမှာ ဖြစ်ပါတယ်။ ရှေ့ဆက် အမြစ်ပြတ်သွားအောင် ဘယ်လိုတွေ ဆောင်ရွက်ကြရင် ကောင်းမလဲ ဆိုတာကိုလည်း ခေါင်းချင်းဆိုင်ပြီး တိုင်ပင်ဆွေးနွေးကြရဦးမှာ ဖြစ်ပါတယ်။

အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုတွေ ကွယ်ပျောက်သွားဖို့အတွက် အားလုံးဝိုင်းဝန်း ကူညီပေးကြရမှာ ဖြစ်ပါတယ်။

ဥပဒေအောက် ရောက်မလာဖြစ်သော အကြမ်းဖက်မှုများလည်းရှိနေ

အမျိုးသမီးတွေအတွက် လိုအပ်တဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကတော့ ရှိနေကြပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အရှက်အကြောက်တရား အားကြီးတဲ့ မြန်မာလူမျိုးတွေဖြစ်တဲ့အားလျော်စွာ ဒီအမှုကြီးကို ရုံးရောက်၊ ဂါတ်ရောက် တိုင်လိုက်တောလိုက်ရင်ဖြင့် ငါတို့တစ်မျိုးလုံး အရှက်တွေဗြန်းဗြန်းကွဲရချည်ရဲ့၊ နောင်အစဉ်သဖြင့် လူတောမတိုးဝံ့အောင်၊ ခေါင်းမဖော်နိုင် အောင်ဖြစ် ရချေရဲ့ဆိုတာမျိုး၊ တစ်ရှက်က နှစ်ရှက်အကွဲမခံ ပါရစေတော့နဲ့၊ ဒီကိစ္စဒီမှာတင် ပြီးပါစေတော့၊ ဝဋ်ကြွေးရှိလို့ ဆပ်ရတယ်လို့သာ မှတ်လိုက်ပါ့မယ်ဆိုတာမျိုးနဲ့ ဥပဒေကြောင်းအရ အဆုံးအဖြတ် ခံယူရမယ့်အဆင့်ကို ရောက်မလာဘဲနဲ့ ကိုယ့်ဘာသာ ကြိတ်မှိတ်မျိုသိပ်ရင်းနဲ့သာ လောကဓံကို ခါးစည်းခံလိုက်ကြတဲ့သူတွေလည်း ရှိနေကြပါတယ်။

တချို့က ပထမတစ်ကြိမ်အနိုင်ကျင့်လိုက်တယ်။ အရှက်ကွဲမှာစိုးလို့ ကာယကံရှင်က မတိုင်ဘူး။ ဒါကို သူလည်းအလိုတူ အလိုပါပဲဆိုတဲ့ သဘောမျိုးနဲ့ အကြိမ်ကြိမ် ထပ်မံကျူးလွန်ဖို့ ကြိုးစားတာမျိုးလည်း ရှိနေကြပြန်ပါတယ်။ ဒီတော့ ဒီကိစ္စမျိုး ကြုံလာရပြီဆိုရင် ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းလိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုကိုခံရတဲ့ အမျိုးသမီးတွေကိုလည်း လူ့အသိုင်းအဝိုင်းက နှာခေါင်းမရှုံ့ ကြဖို့လိုအပ်ပါတယ်။ ကံမကောင်းအကြောင်းမလှလို့ အဖြစ်ဆိုးကြီးကို ကြုံခဲ့ရပြီး ပတ်ဝန်းကျင်အသိုင်းအဝိုင်းကပါ ဖယ်ကြဉ်နေကြဦးမယ် ဆိုရင်တော့ သူ့အဖြစ်က ဆိုးသထက်ဆိုးဖို့သာ ရှိပါတော့တယ်။ ကိုယ်ချင်းစာတရား လက်ကိုင်ထားပြီး ကူညီဖေးမမှုတွေ၊ မေတ္တာခြုံတဲ့ စောင့်ရှောက်မှုတွေ ပေးနိုင်ကြရမှာဖြစ်ပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုတွေ ကျူးလွန်ခံရပြီဆိုရင်လည်း ဒီပြစ်မှုအတွက် သက်ဆိုင်ရာ ပြစ်ဒဏ်တွေကို သတ်မှတ်ပြဋ္ဌာန်း ထားပြီးသား ဖြစ်ပါတယ်။ ဒီ့အတွက် ဥပဒေနဲ့အညီ ရင်ဆိုင် ဖြေရှင်းလိုက်ကြဖို့သာ ရှိပါတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်မို့လို့၊ ကိုယ့်ယောကျာ်းမို့လို့ ရုံးတွေဂါတ်တွေအထိ မပို့ချင်ဘူးဆိုရင်လည်း ဒီလိုကျူးလွန်တာဟာ ပြစ်မှုမြောက်တဲ့အကြောင်း၊ အမှုဖွင့်တိုင်ကြားလိုက်ရင် ဥပဒေနဲ့အညီ အရေးယူခြင်း ခံရနိုင် တဲ့အကြောင်း သိအောင်ပြောထားပေးရမှာ ဖြစ်ပါတယ်။

အမျိုးသမီးတွေ ကိုယ်တိုင်ဥပဒေများ သိဖို့လိုအပ်

ဒီလိုပြောနိုင်ဖို့အတွက် အမျိုးသမီးတွေကိုယ်တိုင်က ဒီဥပဒေတွေကို သိနေဖို့လည်း လိုအပ်ပါတယ်။ သူတို့တစ်တွေ သိနိုင်ဖို့အတွက် ဥပဒေဆိုင်ရာ ပညာပေးမှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးကြရမှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊ ကွန်ရက်တွေလည်း မြောက်မြားစွာ ရှိနေကြပြီဖြစ်တဲ့အတွက် ဒီအဖွဲ့ အစည်းတွေရဲ့ အားကို ယူကြရမှာဖြစ်ပါတယ်။

အစဉ်အလာဆိုတဲ့စကားတွေအရ အကြမ်းဖက်မှုခံကြရတာတွေ၊ ခွဲခြားဆက်ဆံမှု ခံရတာတွေက များနေပြီ ဖြစ်ပါတယ်။ ဒီအစဉ်အလာဆိုတာကြီးတွေ၊ ဓလေ့ထုံးစံဆိုတာကြီးတွေကို ကျော်လွှားနိုင်ဖို့အတွက် သတ္တိရှိရှိနဲ့ ရင်ဆိုင်ဖြေရှင်းကြ ရမှာ ဖြစ်ပါတယ်။

တစ်စုံတစ်ယောက်က ကိုယ့်ကို တစ်ခုခုကျူးလွန်လာပြီဆိုရင်၊ ဒီလိုလုပ်တာကို ကိုယ့်ဘက်ကလည်း သဘောမတူဘူး ဆိုရင် ကိုယ်သဘောမတူတာကို သဘောမတူတဲ့အကြောင်း ရဲရဲဝံ့ဝံ့ဖော်ထုတ်ပြသနိုင်ရမှာ ဖြစ်ပါတယ်။ အားနာနေဖို့ မကောင်းပါဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာဖြစ်သလို တစ်ဖက်လူရဲ့ အကျင့်စာရိတ္တကို လည်း ပြုပြင်ပေးရာ ရောက်ပါတယ်။ ကိုယ်ခံရသလိုမျိုး တခြားအမျိုးသမီးတွေ မခံရအောင် ကာကွယ်တားဆီးပေးရာလည်း ရောက်ပါတယ်။ တစ်ရှက်က နှစ်ရှက်အကွဲမခံနိုင်တော့ပါဘူးဆိုပြီး ခေါင်းငုံ့နေလိုက်ရင် ဒီခေါင်းငုံ့နေမှုအပေါ်မှာ ထပ်ပြီးအတင့်ရဲလာစရာ၊ အတွန့်တက်လာစရာလမ်းစကို ဖွင့်ပေး လိုက်သလို ဖြစ်သွားမှာ ဖြစ်ပါတယ်။

ဥပဒေဆိုတာကတော့ ရှိနေပြီးသားဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဥပဒေချည်း သက်သက်နဲ့ အလုံးစုံပြီးပြည့်စုံတဲ့ ကာကွယ်မှုကို မပေးနိုင်ဘူးဆိုတာလည်း အားလုံးသိကြပြီးဖြစ် ပါတယ်။ ဥပဒေကို လူတိုင်းသိရှိနားလည်အောင် ပညာပေးနိုင်ဖို့ လိုသလို ဒီဥပဒေတွေကို လက်တွေ့ကျင့်သုံးအကောင်အထည်ဖော်ဖို့၊ တိုင်စရာတောစရာ ရှိလာရင်လည်း မကြောက်မရွံ့ တိုင်တောနိုင်ဖို့အတွက် အသိပညာတွေပေးကြရမှာ၊ ဆွေးနွေးအားပေးကြရမှာ ဖြစ်ပါတယ်။ မကောင်းတာတစ်ခုခု တွေ့ပြီဆိုတာနဲ့ အနီကတ် ပြနိုင်တဲ့သူတွေ၊ ခရာမှုတ်နိုင်တဲ့ သူတွေ၊ သတ္တိရှိရှိ ဖော်ထုတ်တားဆီးရဲတဲ့သူတွေ လိုအပ်နေပြီ ဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်မျိုးကို လူ့အသိုင်းအဝိုင်းက လက်မခံဘူး ဆိုတာကို သိသွားအောင် သင်ခန်းစာပေးကြရမှာ ဖြစ်ပါတယ်။

အကြမ်းဖက်မှုဆိုမှတော့ အမျိုးသမီးအပေါ်ပဲ အကြမ်းဖက်ဖက်၊ အမျိုးသားအပေါ်ပဲ အကြမ်းဖက်ဖက် ဘယ်အကြမ်း ဖက်မှုမျိုးမဆို အော့နှလုံးနာစရာတွေချည်း ဖြစ်ပါတယ်။ ဒီလို အရုပ်ဆိုး အကျည်းတန်တဲ့ဖြစ်ရပ်ကြီးတွေ လှူဘောင်လောက အတွင်းက ပျောက်ကွယ်သွားဖို့အတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းပေးကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ကိုယ်ချင်းစာတရားမွေးမြူရမှာဖြစ်

အဓိကကတော့ ကိုယ်ချင်းစာတရားမွေးမြူကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကိုယ်ချင်းစာတရားထားဖို့ဆိုတာကလည်း ငယ်စဉ်ကတည်းက ဆုံးမပဲ့ပြင်မှုတွေ လိုအပ်နေမှာဖြစ်ပါတယ်။ ကြီးလာမှပြောပြန်တော့ နားမဝင်တော့ပါဘူး။ နားမဝင်သူ တွေအတွက် ဥပဒေဆိုတာနဲ့ ကန့်သတ်ပေးထားရတာ ဖြစ်ပါ တယ်။ ဒီတော့ ဥပဒေလည်း ရှိနေတယ်။ ဆုံးမပဲ့ပြင်မှုတွေလည်း ရှိနေမယ်၊ မဖြစ်အောင်လည်း အဘက်ဘက်က ပညာပေးနေမယ်၊ ဖြစ်လာရင်လည်း တိတိကျကျ အရေးယူပေးမယ်ဆိုရင်တော့ ဒီဖြစ်ရပ်ကြီးတွေ တစ်စတစ်စ လျော့နည်းပျောက်ကွယ် သွားနိုင်စရာ ရှိပါတယ်။

အကြမ်းဖက်မှုဆိုတာ မတရားမှုဖြစ်ပါတယ်။ မတရားမှု ကြီးတွေ မပေါ်ပေါက်ဖို့ အတွက် ကျူးလွန်သူတွေ၊ အကျူးလွန်ခံရသူတွေမှာသာ တာဝန်ရှိတာမဟုတ်ပါဘူး။ ဘေးပတ်ဝန်းကျင်က လူတွေမှာလည်း တာဝန်ရှိပါတယ်။ တားသင့်တာကို ရဲရဲဝံ့ဝံ့ တား။ အရေးယူသင့်တာကို ပြတ်ပြတ်သားသားအရေးယူကြရမှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေကို စောင့်ရှောက်ပေးဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ဝတ္တရားလည်း ရှိပါတယ်။

ဒီဖြစ်ရပ်ကြီးတွေ ပျောက်ကွယ်သွားဖို့အတွက်က တစ်ယောက်စ၊ နှစ်ယောက်စရဲ့ အားနဲ့ မလုံလောက်ပါဘူး။ အားလုံးအားလုံး ပူးပေါင်းပါဝင်ပေးကြရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် “အမျိုးသမီးများ အကြမ်းဖက်မှုမှကာကွယ်ရေး အားလုံးကူညီ စောင့်ရှောက်ပေး”လို့ လေးနက်စွာ တိုက်တွန်း လိုက်ရပါတယ်။ ။

မြန်မာ့လအင်း