နေပြည်တော် ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်နေ မ---(၂၀)နှစ်နှင့် (လိပ်စာတူ)နေသူတို့နှစ်ဦးသည် ဗဟန်းမြို့နယ် ရွှေတိဂုံဘုရားအနောက်ဘက်ရှိ ဒေါ်ရှင်းထမင်းဆိုင်တွင် အလုပ်လုပ်ကိုင်နေစဉ် ထမင်းဆိုင် ပိုင်ရှင်နှင့်ရန်ဖြစ်ခဲ့၍ ကြိုတင်ထုတ်ယူထားသော ငွေကျပ်နှစ်သိန်းကို ထမင်းဆိုင်ပိုင်ရှင်က ပြန်လည်တောင်းခဲ့ရာ ပြန်ပေးစရာငွေမရှိသဖြင့် အခက်အခဲဖြစ်နေစဉ် Tik Tok @funny 2023831 Funny ri အမည်ရှိအကောင့်တစ်ခုက တရုတ်မိန်းမလုပ်ချင်သူများ တင်တောင်းငွေ ကျပ်သိန်း ၈ဝ ကျော်နှင့် လစဉ်ငွေကျပ်သိန်း ၃ဝ ကျော်ဖြင့် ခေါ်ယူနေကြောင်း ရေးသားထားသည်ကိုတွေ့ရှိသဖြင့် ဆက်သွယ်ခဲ့ရာ တရုတ်နိုင်ငံတွင် နေထိုင်ရမည်၊ လမ်းစရိတ်စိုက်ထုတ်ခေါ်ပေးမည်၊ တရုတ်အမျိုးသားနှင့် ဆက်လက်ပေါင်းသင်းလိုခြင်းမရှိဘဲ အခြားတရုတ်အမျိုးသားနှင့်ထပ်မံ ပေါင်းသင်းပါက ငွေကျပ်သိန်း ၁၈၀ ထပ်မံရရှိမည်ဟု ပြောဆိုခဲ့ကြောင်း။

၎င်းတို့လုပ်ကိုင်နေသည့် ထမင်းဆိုင်သို့အကောင့်ပိုင်ရှင်မထက်ထက် စေလွှတ်လိုက်သည့် မသန္တာလွင် ဆိုသူရောက်ရှိလာပြီး ကြိုတင်ထုတ်ယူထားသော ငွေကျပ် နှစ်သိန်းကို ထမင်းဆိုင်ပိုင်ရှင်ထံပေးခဲ့ကာ ၎င်းတို့အား ခေါ်ဆောင်သွားခဲ့ကြောင်း၊ မသန္တာလွင်က ၎င်းတို့အား မန္တလေးမြို့သို့ ခေါ်ဆောင်သွားခဲ့ပြီး မြန်မာသန်းဝေဟိုတယ်တွင် တည်းခိုခဲ့ကြကြောင်း၊ မသန္တာလွင်က ၎င်းတို့နှစ်ဦးအား အကြည်တော်ဟိုတယ်သို့ ထပ်မံခေါ်ဆောင်သွားခဲ့ပြီး ဒေါ်လဖိုင်ချိန်ဘူနှင့်တွေ့ဆုံပေးခဲ့ရာ ဒေါ်လဖိုင်ချိန်ဘုက မန္တလေး-လားရှိုး-မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့သွားရောက် ရမည်ဟုပြောဆိုခဲ့ကြောင်း၊ မသန္တာလွင်က ၎င်းတို့အား ပြင်ဦးလွင်မြို့မှ လားရှိုးမြို့သို့ပို့ဆောင်ခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ်(၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေး)က တရားလိုပြုလုပ်၍ ပြင်ဦးလွင်မြို့နယ် ပိတ်ချင်းမြောင်နယ်မြေရဲစခန်း(ပ)၅၄/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုဖွင့်တရားစွဲ တင်ပို့ခဲ့ရာ ပြင်ဦးလွင်ခရိုင်တရားရုံးက ၂ဝ၂၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် တရားခံ မသန္တာလွင်အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းနှင့် တိမ်းရှောင်တရားခံ ဒေါ်လဖိုင်ချိန်ဘူနှင့် မထက်ထက်တို့ နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၀(က)/၅၁၂ အရရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်