အမျိုးသမီးထုရဲ့နှလုံးကျန်းမာရေးအတွက် သိထားသင့်တဲ့ အန္တရာယ်အချက်(၁၀)ချက်

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win

 

နှလုံးမှာ မကျန်းမမာဖြစ်တဲ့ နှလုံးရောဂါတွေက အမျိုးအစား အများကြီးရှိပါတယ်။ ဒါပေမယ့် တချို့အမျိုးအစားတွေက အမျိုးသမီးတွေမှာ ပိုအဖြစ်များတတ်သလို မိန်းကလေးနဲ့ ယောကျာ်းလေးမှာ လက္ခဏာတွေကလည်း ကွာခြားတတ်ပါသေးတယ်။ ဒီတော့ ကျွန်မတို့ မိန်းကလေးတွေ ကိုယ့်နှလုံးရဲ့ ကျန်းမာရေးအတွက် သိထားသင့်တဲ့အချက်လေးတွေ လေ့လာကြည့်ဖို့လိုပါတယ်။ ဒါမှပဲ ကြောက်စရာကောင်းတဲ့ နှလုံးရောဂါအန္တရာယ်ကို ကာကွယ်နိုင်မယ်၊ စောစောကုသနိုင်မယ်လေ။

 

အမှန်တော့ နှလုံးရောဂါရှိသူတွေဟာ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေထဲကလို ရင်ဘတ်လေးဖိဖိပြီး အေးဆေးနားနေရတဲ့၊ လူတကာ အလိုလိုက်ခံရနေတဲ့ ကံကောင်းသူတွေ မဟုတ်ကြပါဘူး။ ကုသထိန်းချုပ်လို့ရတဲ့ အဆင့်လေးတွေကနေ ဗုံးတစ်လုံးလို အချိန်မရွေး ထပေါက်ကွဲနိုင်တဲ့ အဆင့်လည်း ဖြစ်သွားနိုင်ပါတယ်။

 

သတိထားရမယ့် လက္ခဏာတွေ

 

ရုပ်ရှင်ထဲမတော့ နှလုံးရောဂါဆို ရင်ဘတ်အောင့်တယ်၊ မောတယ်။ တကယ်တမ်းက အမျိုးသမီးတွေမှာ သိသိသာသာ နှလုံးရောဂါလက္ခဏာပြတာ နည်းပါတယ်၊ သိသာတာက အသက်ရှူမဝ၊ မွန်းကျပ်တဲ့ ဝေဒနာကိုခံစားရတာပါ။ မေးရိုး၊ ခါး ဒါမှမဟုတ် ဝမ်းဗိုက်အပေါ်ပိုင်းမှာ နာကျင်မှုခံစားရနိုင်တယ်။ နောက်ပြီး မအီမသာဖြစ်တာ၊ ခေါင်းမူးတာ စတဲ့လက္ခဏာတွေပါ ဖြစ်နိုင်ပါတယ်။

 

ရင်ကွဲနာ

 

စိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့ နှလုံးကြွက်သား အားနည်းတဲ့ရောဂါပါ။ ဒီရောဂါအခြေအနေက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များ တတ်ပါတယ်။ စိတ်ဖိစီးမှု ဟော်မုန်းတွေ ရုတ်တရက် ထွက်လာတာကြောင့်၊ ဥပမာ အသည်းကွဲတာ၊ အိမ်ထောင်ကွဲတာ၊ မိဘဆွေမျိုးနဲ့ မိသားစုဝင်ဆုံးပါးတာ လိုမျိုး စိတ်ထိခိုက်ခံစားရတဲ့ ကိစ္စတွေကြုံလာရပြီးနောက် ဒီဝေဒနာ ဖြစ်လာတတ်ပါတယ်။ ဒဏ္ဍာရီတွေ၊ ဇာတ်တွေထဲမှာ ရင်ကွဲနာကျတယ်ဆိုတာ ဒါမျိုးကို ခေါ်တာဖြစ်နိုင်ပါတယ်။ နှလုံးရဲ့ တစ်စိတ်တစ်ပိုင်းက ကြီးလာပြီး ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒီလိုကနေ ပြင်းထန်တဲ့ ရင်ဘတ်အောင့်ခြင်း ဖြစ်လာနိုင်ပေမယ့် အမြန်ဆုံးကုသနိုင်ရင် လုံးဝသက်သာလာနိုင်ပါတယ်။

 

ရောင်ရမ်းမှု

 

လေးဖက်နာ အဆစ်ရောင်ရောဂါလိုမျိုး ကိုယ့်မှာရှိနေတယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေ ပိုမြင့်ပါတယ်။ ရောင်ရမ်းမှုဆိုင်ရာ ရောဂါတွေကို သေချာဂရုစိုက်ပေးပါ၊ စတီးရွိုက်ဆေးတွေကို ရှောင်ပါ။ နှလုံးရောဂါအန္တရာယ် ပိုများစေနိုင်ပါတယ်။

 

စိတ်ကျဝေဒနာ

 

စိတ်ကျခြင်းကြောင့် နှလုံးရောဂါအန္တရာယ် နှစ်ဆတိုးစေနိုင်သလို အမျိုးသမီးတွေမှာလည်း အမျိုးသားတွေထက် နှစ်ဆအန္တရာယ်ပိုများပါတယ်။ စိတ်ဓာတ်ကျနေတာကြောင့် တက်ကြွလှုပ်ရှားမှုနည်းနိုင်သလို ကိုယ့်ကျန်းမာရေးလည်း ဂရုမစိုက်နိုင် ဖြစ်တတ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်စိတ်တွေကြောင့် နှလုံးကိုဒဏ်ပိစေနိုင်တာကို သတိထားပါ။

 

ဆီးချို

 

အမျိုးသမီးတွေမှာ ဆီးချိုဖြစ်လာရင် နှလုံးရောဂါဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။ သွေးတွင်းသကြားမြင့်တက်ခြင်းကြောင့် သွေးထဲက အောက်စီဂျင်ပေးပို့မှုကိုနှေးစေပြီး သွေးကြောတွေကျဉ်းလာစေနိုင်တာက အကြောင်းရင်းတစ်ခုပါ။ နောက်ထပ်အကြောင်းရင်းတစ်ခုက ဆီးချိုအမျိုးသမီးတွေဟာ ပိုဝလေ့ရှိပြီး သွေးတိုးနဲ့ ကိုလက်စထရောလည်းများလာနိုင်ပါတယ်။ ဒါ့ကြောင့် အရာရာထိန်းညှိနေထိုင်တာ အကောင်းဆုံးပါ။

 

ပိန်နေလည်း နှလုံးရောဂါ ဖြစ်နိုင်တယ်

 

ကိုယ်အလေးချိန်များနေတဲ့အမျိုးသမီး (အထူးသဖြင့် ဗိုက်အဆီရှိနေတဲ့)တွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်မားပါတယ်။ ဒါပေမယ့် ပိန်ရင်တော့ မဖြစ်နိုင်ဘူးပြောလို့မရပါဘူး။ လူကမဝပေမယ့် ကိုလက်စထရောမြင့်နိုင်တယ်၊ သွေးတိုး တက်နေနိုင်တယ် ဆိုတော့ နှလုံးရောဂါအတွက် ဆက်နွှယ်နိုင်တဲ့ အန္တရာယ်တွေရှိလာနိုင်ပါတယ်။

 

မိသားစုထဲမှာ နှလုံးရောဂါရှင်ရှိသလား

 

ကိုယ့်ရဲ့အမေ သို့မဟုတ် အစ်မက ၆၅ နှစ်အောက်အရွယ်မှာ နှလုံးရောဂါဖြစ်ခဲ့တယ်ဆိုရင် ဒါမှမဟုတ် အမေက လေဖြတ်ခဲ့တယ်ဆိုရင် ကိုယ်ဟာ သူများတွေထက် နှလုံးရောဂါဖြစ်လာနိုင်ခြေ ပိုများပါတယ်။ ကိုယ့်မှာ နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်း ဒါမှမဟုတ် လေဖြတ်တာတွေ မဖြစ်မနေ ဖြစ်လာတော့မှာလို့ မဆိုလိုပေမယ့် မိသားစုမျိုးရိုးရှိတယ်လို့ သိထားပြီး ကာကွယ်ဖို့ အဆင့်တွေ လုပ်ဆောင်ရတော့မှာပါ။

 

ကိုလက်စထရော

 

သွေးကြောတွေထဲမှာ ကိုလက်စထရောတွေစုနေပြီး အဆီချေးတွေဖြစ်လာမယ်၊ အချိန်ကြာလာတာနဲ့အမျှ မာလာပြီး သွေးကြောတွေ ပိတ်ဆို့စေနိုင်ပါတယ်။ သွေးတွင်းကို လက်စထရော အခြေအနေကို သွေးစစ်ပြီးသိရှိနိုင်ပါတယ်။ မကောင်းတဲ့ ကိုလက်စထရောတွေ နည်းသွားစေဖို့ အဆီနဲ့အချိုကို လျှော့စားပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊ ဘီယာတွေ၊ ဝိုင်တွေ သိပ်မသောက်ပါနဲ့။

 

ကိုယ်အလေးချိန်ကိုထိန်းပါ

 

လတ်လတ်ဆတ်ဆတ်တွေစားပါ၊ ကယ်လိုရီနည်း အငန်နည်းပြီး အဆီနည်းတာတွေစားပါ။ နှလုံးအတွက် ဝိတ်လျှော့ပါ။ ကျန်းမာကျစ်လျစ်တဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

 

ကိုယ်ဝန်ဆောင်ချိန် နှလုံးကျန်းမာရေး

 

ကိုယ်ဝန်ဆောင်ကာလမှာ နှလုံးက ပိုအလုပ်လုပ်တဲ့အတွက် နှလုံးနဲ့ သွေးကြောတွေကို ဝန်ပိစေနိုင်ပါတယ်။ ကလေးမွေးဖွားတဲ့အခါ ပိုပြီးဒဏ်ပိပါတယ်။ နှလုံးခုန်မမှန်၊ အဆို့ရှင်ပြဿနာရှိတတ်တဲ့ အမျိုးသမီးတွေဟာ အသက်ရှူမဝတာ၊ နှလုံးခုန်မြန်တာတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်မဖြစ် သတိထားသင့်ပါတယ်။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”