အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ပေါင်းသင်းစေပြီး ငွေကြေးအကျိုးအမြတ် များ ခေါင်းပုံဖြတ်ရယူခဲ့သူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် စက်တင်ဘာ ၂၁

 

အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ပေါင်းသင်းစေပြီး ငွေကြေး အကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သူကို အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်က္ကံမြို့သစ်နေ သာယာအောင် (ခ)အာယာ က ရန်ကုန်တိုင်းဒေသကြီး၊ ကော့မူးမြို့နယ်နေ မ ---၊ ၂၄ နှစ်ကို တရုတ်နိုင်ငံရှိ မီးလုံးစက်ရုံတွင် အလုပ်လုပ်ရမည် လစာ(၈)သိန်းကျပ်ခန့်ရမည်၊ စားရိတ်ငြိမ်းပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆို၍ တရုတ်နိုင်ငံသို့ တရုတ်မယားအဖြစ် အဓမ္မလက်ထပ်ပေါင်းသင်းစေပြီး ငွေကြေး အကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ကမာရွတ်မြို့မရဲစခန်း(ပ) ၂၃၂၉/ ၂၀၁၉၊  လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်၍ အနောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ယနေ့တွင် တရားခံ သာယာအောင်(ခ)အာယာကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် (၁၂)နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)