အမ်းမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကျင်းပ

အမ်း ဇွန် ၉

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ရှိန်မြှင့် တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ဇွန် ၉ ရက် နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က ကျေးရွာစာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေး၊ စာအုပ်စာပေဖတ်ရှုခြင်းအားဖြင့် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေး၊ မိမိဘဝကို တိုးတက်မြှင့်တင်ပေးနိုင်သည့် စာပေဖြစ်ကြောင်း၊ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူး(တာဝန်ခံ) ဒေါ်ခင်သောင်းနှင့် မြို့နယ်ပညာရေးမှူး ဦးကိုကြီးတို့က စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့်ပတ်သက်၍ ကျောင်းစာအပြင် သုတ စာပေ၊ ရသစာပေများကို ဖတ်ရှုရန် လိုအပ်ပါကြောင်း၊ စာဖတ်ခြင်းအားဖြင့် အတွေးအခေါ်ကောင်းများကို ရရှိနိုင်ကြောင်း၊ စာအုပ်စာပေမှတစ်ဆင့် အသိပညာကောင်းများ ရရှိနိုင်ကြောင်း၊ မိမိအားလပ်သည့်အချိန်များတွင် စာပေလေ့လာကြရမှာဖြစ်ကြောင်း၊ စာဖတ်ခြင်းအားဖြင့် စိတ်ကူးဖန်တီးနိုင်မှုများ တိုးတက်လာကြောင်း၊ စာပေအရေးအသား အပြောအဆို ကောင်းမွန်လာကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် အကျင့်စရိတ္တကောင်းမွန်သည့် လူငယ်လူရွယ်များဖြစ်လာမှာ ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား လှည့်လည်ကြည့်ရှု လေ့လာဖတ်ရှုခဲ့ကြသည်။
                                 
မြို့နယ်(ပြန်/ဆက်)