အမြန်လမ်းတွင် ခရီးသည်တင်ယာဉ်မောင်း အိပ်ငိုက်၍ ယာဉ်တိုက်မှုဖြစ်ပွား

နေပြည်တော် ၂၉  မတ် 
    

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ် (၂၅၈/၄)အနီး၌ ယနေ့နံနက် ၅ နာရီခွဲက ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေး အမြန်လမ်းမကြီး ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာနေ မျိုးမင်းလတ် မောင်းနှင်လာသော မန္တလာမင်းခရီးသည်တင်ယာဉ်သည် အခင်းဖြစ်နေရာအရောက် ယာဉ်မောင်း အိပ်ငိုက်ကာ အရှိန်မထိန်းနိုင်ဘဲ အရှေ့မှ မိတ္ထီလာမြို့၊ သီရိမင်္ဂလာရပ်ကွက်နေ ဦးတင်ဝင်း မောင်းနှင်နေသည့် CANTER ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ပြီး လမ်းလယ် GUARD RAILS တန်းအား ထပ်မံတိုက်မိရပ်တန့်ခဲ့သည်။
    


ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသော ခရီးသည်များ ဒဏ်ရာရရှိမှုမရှိဘဲ မန္တလာမင်း ခရီးသည်တင်ယာဉ်၏ ယာဉ်အကူဖြစ်သူ အောင်မြတ်သူတွင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ယာဉ်မောင်း မျိုးမင်းလတ်အား ပေပင်လေး အမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။ 


MDN