အမည်မသိ အဆုတ်ရောဂါ ဖြစ်ပွားသူ ၄၁ ဦးရှိဟု တရုတ် အတည်ပြု

၁၆ ဇန်နဝါရီ

 

ဟူဘိုင်ပြည်နယ် ကုန်းတွင်းပိုင်းကျသော ဝူဟန်မြို့တွင် လူ ၄၁ ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ် အသစ်တစ်မျိုးတွေ့ရှိရသော အဆုတ်ရောဂါ ခံစားနေရကြောင်း တရုတ်နိုင်ငံ ကျန်းမာရေး တာဝန်ရှိသူများက ဆိုသည်။

 

၎င်းရောဂါခံစားရသူများအနက် အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အခြား ခြောက်ဦးမှာ ဝေဒနာ ပြင်းထန်စွာ ခံစားနေရသည်။ လူနာ ခုနစ်ဦး ပြန်လည်ကောင်းမွန်လာပြီး ဆေးရုံမှ ဆင်းပြီ ဖြစ်သည်။ အခြားသူများကို သီးသန့်ထားရှိကာ ကုသမှုခံယူနေပြီး စိုးရိမ်ရသည့် အခြေအနေမရှိ ဟု ဆိုသည်။

 

ကိုရိုနာ ဗိုင်းရပ်စ် အသစ်တစ်မျိုးကို ယခုလအစောပိုင်းက ဝူဟန်မြို့က လာသော ဖျားနာနေသည့် အသက် ၆၁ နှစ်အရွယ် တရုတ်အမျိုးသမီး ခရီးသွား တစ်ဦးတွင် တွေ့ရှိခဲ့ကြောင်း ထိုင်းနိုင်ငံရှိ ကျန်းမာရေးအာဏာပိုင်များက တနင်္လာနေ့က ပြောကြားခဲ့သည်။

 

တောင်ကိုရီးယားနိုင်ငံတွင် ယခုလအစောပိုင်းက ဝူဟန်မြို့သို့သွားသော တရုတ်အမျိုးသမီး တစ်ဦးမှာ အဆုတ်ရောဂါလက္ခဏာ ပြသခဲ့သော်လည်း သူမ၏ရောဂါသည် တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ရောဂါနှင့်ဆက်စပ်မှု မရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။

 

ထိုင်ဝမ်နှင့်ဟောင်ကောင်နိုင်ငံ လေဆိပ် နှင့် ပင်လယ်ဆိပ်ကမ်း များတွင် ကူးစက်ရောဂါ စစ်ဆေးမှုများ တင်းကျပ်စွာ လုပ်ဆောင်ခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို