အမှန်တရားနှင့် ပြည်သူ့အင်အားသည်သာ

နေပြည်တော် ၁၆ မတ်

 

မတ်လ ၁၃ ရက်နေ့သည် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကွယ်လွန်ခဲ့သည့် နှစ်သုံးဆယ်တိတိ ပြည့်သည့်နေ့ဖြစ်သည်။ ကျောင်းသားတစ်ယောက် ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ အခြားနိုင်ငံသားတို့အဖို့ မည်မျှလောက် အရေးပါအရာရောက်သနည်းဟု မေးခွန်း ထုတ်ကောင်း ထုတ်ကြမည်ဖြစ်သော်လည်း မြန်မာနိုင်ငံအတွက်မူ အလွန်တရာ အရေးကြီးလှသော တိုင်းပြည် အလှည့်အပြောင်းနှင့် ဆက်စပ်နေသော အဖြစ်အပျက်တစ်ခုဖြစ်ခဲ့သည်။

 

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံအဖြစ် စတင်ခဲ့ရသော်လည်း အာဏာရှင်တို့၏ အာဏာလွှမ်းမိုးချုပ်ကိုင်မှု ခံရပြီးသည့်နောက်တွင် ဒီမိုကရေစီ တစ်စတစ်စ ချုပ်ငြိမ်းလျော့ပါးရာမှ နောက်ဆုံးတွင် ဒီမိုကရေစီ လုံးဝဆိတ်သုဉ်းသွားသည်အထိ ဖြစ်ခဲ့ရသည်။ ယင်းကဲ့သို့ ဒီမိုကရေစီ လုံးဝဆိတ်သုဉ်း ပျောက်ကွယ်သွားနေသည့် အခြေအနေမှသည် ဒီမိုကရေစီတစ်ကျော့ပြန် ခေါင်းထောင်ထလာစေသည့် အထင်ကရ အဖြစ်အပျက်ကား အဆိုပါ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့ရသည်က စခဲ့သည်။

 

ရပ်ကွက်အတွင်း လက်ဖက်ရည်ဆိုင်တစ်ခုမှာ ကျောင်းသားများနှင့် ရပ်ကွက်လူငယ်များ အဆင်မပြေရာမှစ၍ ဖြစ်ပျက်ခဲ့သော အချင်းများမှုကို အာဏာပိုင်တို့က တရားမျှတမှုမရှိသည့် အဆုံးအဖြတ်ဖြင့် ကိုင်တွယ်ရာမှစကာ စက်မှုတက္ကသိုလ် ကျောင်းသားတို့ မကျေမနပ်ဖြစ်ကာ ပွင့်အံအုံကြွလာခဲ့၏။ ဤသည်ကို အာဏာပိုင်တို့က လက်နက်ဖြင့် ဖြေရှင်းလိုက်ရာ ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျည်ဆန်ထိမှန် ကျဆုံးခဲ့ရသည်။

 

ကိုယ်ကျိုးသက်သက်မပါဘဲ မတရားမှု၊ မမျှတမှုတို့ကို ဆန့်ကျင်ရင်း အသက်ကို စွန့်လွှတ်လိုက်ရသည့်အတွက် ကိုဖုန်းမော်ကို သူရဲကောင်းအဖြစ် အသိအမှတ်ပြု အလေးထားခဲ့ကြခြင်း ဖြစ်ပါသည်။ ဖြစ်ပျက်မှု၏ အကြောင်းရင်းကိုလည်း လက်ဖက်ရည်ဆိုင်အတွင်း စကားများ အချင်းပွားရသည်ဆိုသည်ထက် နှစ်ပေါင်းများစွာ ဒီမိုကရေစီ ဆိတ်သုဉ်းမှုနှင့် အထွေထွေ အကျပ်အတည်းများကြား ရင်စည်းခံနေရသော ပြည်သူတို့၏ မကျေနပ်မှုတို့ ပွင့်အံထွက်ကျလာသည်ဟု ဆိုရမည်ဖြစ်ပါသည်။

 

ကျည်ဆန်ထိမှန်ကာ ကျဆုံးခဲ့ရသည့်အဖြစ်ကို မတော်တဆမှုဖြစ်လေဟန် သတင်းထုတ်ပြန်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ၏ မမှန်ကန်သည့် ဆောင်ရွက်ချက်သည် မတရားမှုဆိုလျှင် ငုံ့မခံနိုင်သော ကျောင်းသားထုကို သည်းမခံနိုင်လောက်အောင် ဖြစ်စေခဲ့၏။

 

ကျောင်းသားတို့၏ အုံကြွဆန့်ကျင်မှုမှ ဦးဆောင်လိုက်သည့် ဒီမိုကရေစီ ဆန္ဒပြမှု၏ နောက်များမကြာမီတွင် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူအများစုတို့ အုန်းအုန်းကျွက်ကျွက် ပါဝင်လာခဲ့တော့၏။ နှစ်ပေါင်းများစွာ ဖိနှိပ်မှု၊ မတရားမှုကို ခံခဲ့ရသော ပြည်သူလူထု၏

ကြွေးကြော်သံမှာ ဘဝဂ်ညံခဲ့သည်ဟု ဆိုရပါမည်။ ဒီမိုကရေစီ ရရှိရေး တို့အရေးဟူသည့် အသံများအောက်တွင် နိုင်ငံ၏ လျှမ်းလျှမ်းတောက် အင်အားနှင့် အာဏာကြီးမားခဲ့သော ဦးဆောင်ပါတီကြီးနှင့် အစိုးရသည် ကိုင်တွယ်မတတ်နိုင်အောင် ဖြစ်ခဲ့ရသည်။

 

ကိုဖုန်းမော် အသက်ပေး၍ စတင်ခဲ့သော ဒီမိုကရေစီအရေးတော်ပုံကြီး၏ ရလဒ်အဖြစ် ယနေ့ပြည်သူ့အစိုးရနှင့် ပြည်သူ့ကိုယ်စားလှယ် အများစုတို့ တက်ရောက်နေရာယူနေကြသော လွှတ်တော်အသီးသီးတို့ကို တွေ့မြင်ရမည်ဖြစ်ပါသည်။

 

ယင်းသည် သမိုင်းသင်ခန်းစာဖြစ်ပါလိမ့်မည်။ မည်မျှအင်အားကြီး၊ အာဏာကြီးသည်ဆိုသော်လည်း အမှန်တရားကို မျက်ကွယ်ပြု၍ မရပါ။ မည်သို့ပင် လက်နက်အင်အားတို့ဖြင့် ဖိနှိပ်ချုပ်ချယ်ထားစေကာမူ ပြည်သူတို့၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို သော့ခတ်ပိတ်ဆို့ထား၍ မရနိုင်ပါ။

အမှန်တရား၏ အင်အားနှင့် ပြည်သူ့တောင်းဆိုမှုတို့ကို မည်သည့် အရာကမျှ ခုခံပိတ်ဆီးထားဖို့ မဖြစ်နိုင်ပါတည်း။

 

( ကြေးမုံ)