အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၅

ပြန်ကြားရေးဝန်ကြီးဌာနက အမှတ်(၁၂)အခြေခံပညာ အထက်တန်းကျောင်း စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေး သူငယ်များဘဝ မြှင့်တင်ရေးအသင်းမှ ဒုတိယဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

မှတ်တမ်းဗီဒီယိုပြသ

ရှေးဦးစွာ “ပန်းတိုင်းပွင့်၍မွှေးပါစေ” မှတ်တမ်းဗီဒီယိုနှင့် “မိုခါမုန်တိုင်း စုပေါင်းမှုအင်အား ရလဒ်” မှတ်တမ်းဗီဒီယိုတို့ကို ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မိမိတို့အနေဖြင့် အ.ထ.က(၁၂) ကျောင်းစာကြည့်တိုက်အတွက် တတ်နိုင်သည့်အင်အားဖြင့် ပထမအကြိမ် လာရောက်လှူဒါန်းခြင်း ဖြစ်ပါကြောင်း၊ လူငယ်များသည် အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့်သူများဖြစ်သည့်အတွက် ကျောင်းပညာရပ်များကို ကြိုးစားသင်ယူခြင်း၊ သုတရသ စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခြင်းတို့ ဖြင့် မိမိတို့ဘဝကို မြှင့်တင်သွား ကြရမည်ဖြစ်ပါကြောင်း၊ စာအုပ်စာပေများက လူငယ်များ၏ ဘဝကို မြှင့်တင်ပေးပြီး အသိပညာ ဗဟုသုတများ ရရှိစေမည် ဖြစ် ပါကြောင်း။

လေ့လာဖတ်ရှုကြစေလို

နိုင်ငံတော် ဝန်ကြီးချုပ်ကလည်း လူငယ်ကဏ္ဍကို အလေးထားမြှင့်တင်ပေးလျက် ရှိပါကြောင်း၊ ထိုသို့ အလေးထား ဆောင်ရွက်သည်နှင့်အညီ ကျောင်း သား ကျောင်းသူများအနေဖြင့်လည်း မိမိဝန်းကျင်၊ မိမိဒေသ၊ မိမိတိုင်းပြည်က အားကိုး၊ အားထားပြုရသည့် လူချွန်လူကောင်း၊ သားကောင်း ရတနာများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း၊ ယနေ့လှူဒါန်းသည့် စာအုပ်များတွင် ကျောင်းသား လူငယ်များအတွက် အကျိုးရှိမည့် စာအုပ်များကို ရွေးချယ်လှူဒါန်းပေးထားပါကြောင်း၊ စာအုပ်စာပေ လူ့မိတ်ဆွေဆိုသည့် စကားအတိုင်း မိမိတို့ဘဝအတွက် အထောက်အကူပြုပြီး အကျိုးရှိစေမည့် သက်ဆိုင်ရာ စာအုပ်များကို လေ့လာဖတ်ရှုကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အမှတ်(၁၂)အခြေခံပညာ အထက်တန်းကျောင်း စာကြည့်တိုက်အတွက် စာအုပ်၊ စာစောင်များနှင့် စာအုပ်ဗီရိုတို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာ ရေးမှူး ဦးသန်းဆွေနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုတို့က လက်ခံရယူကြသည်။

ကျေးဇူးတင်စကားပြောကြား

ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်သူဇာဝေက စာကြည့်တိုက်သို့ စာအုပ်၊စာစောင်များ လှူဒါန်းမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျောင်း အုပ်ဆရာမကြီးက ကျေးဇူးတင် စကား ပြောကြားသည်။

ထို့နောက် အမှတ်(၁၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “ ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊ မြန်မာနိုင်ငံအမျိုး သမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ တာဝန်ရှိသူများသည် အမှတ်(၁၂)အခြေခံ ပညာအထက်တန်းကျောင်းဥတ္တရ အလင်းတန်းစာကြည့်တိုက်အတွင်း ကျောင်းသား ကျောင်းသူများ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနေမှုကို ကြည့်ရှုအားပေး ကြသည်။

ယနေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မိသားစုက စာကြည့်တိုက်အတွက် ငွေကျပ် ၁၀ သိန်း တန်ဖိုးရှိ ကျွန်းဗီရို နှစ်လုံး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ငွေကျပ် ခြောက်သိန်း ငါးသောင်း တန်ဖိုးရှိ စာအုပ် ၁၅၀၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ငွေကျပ် ငါးသိန်းတစ်သောင်း ကျော်တန်ဖိုးရှိ စာအုပ် ၃၇၀ စုစုပေါင်း ၂၁ သိန်း ခြောက်သောင်းကျော်ကို ဥတ္တရအလင်းတန်း စာကြည့်တိုက်အတွက် ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်