အမှတ်(၁)အထူးအဆန်ကုန်ရထား ဆားမှော်ဘူတာနှင့် တောင်နီဘူတာကြားတွင် တွဲချော်

မိုးကောင်း ၂၆ ဇူလိုင်     

       
    
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မန္တလေး-မြစ်ကြီးနား ရထားလမ်းအပိုင်းတွင် ဇူလိုင် ၂၅ ရက် ညနေပိုင်းက မန္တလေး-မြစ်ကြီးနား အမှတ်(၁)အထူးအဆန် ကုန်ရထားတစ်စီး တွဲချော်မှုဖြစ်ပွားခဲ့သည်။


    
ဖြစ်စဉ်မှာ ဇူလိုင်၂၃ရက်တွင် မန္တလေးမှ မြစ်ကြီးနားသို့ ထွက်ခွာလာသည့် မန္တလေး-မြစ်ကြီးနား အမှတ်(၁)အထူးအဆန် ကုန်ရထားသည် ဇူလိုင် ၂၅ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် မိုးကောင်းမြို့နယ် ဆားမှော်ဘူတာနှင့် တောင်နီဘူတာကြားအရောက်၌ မိုင်တိုင်အမှတ်(၆၇၂/၁၅)နှင့် (၆၇၂/၁၆)အကြား အရောက်တွင် ရထားတွဲချော်မှုဖြစ်ပွားသဖြင့် ပင်းဘောနယ်မြေရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်စိုးလွင်နှင့် တပ်ဖွဲ့ဝင်များက တာဝန်ရှိသူများနှင့် သွားရောက်ကြည့်ရှုစစ်ဆေးရာ ကုန်တွဲအမှတ်(FBHV-40075)၏ ညာဘက်ဘီး  အမှတ် (၁)နှင့် (၂)တို့မှ အတွင်းပိုင်းပြုတ်ကျပြီး ဘီးအမှတ်(၇)နှင့်(၈)တို့မှာ အပြင်ဘက်သို့ ကျရောက်ကာ တွဲချော်မှုဖြစ်ပွားသည်ကို တွေ့ရှိပြီး ရထားတွဲချော်မှုကြောင့် ထိခိုက်ပျက်ဆီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။


    
ဖြစ်စဉ်ကြောင့် မိုးကောင်းတွဲပြင်ဌာနမှ တွဲစစ်မှူးဦးဇော်ညွန့်နှင့် ဝန်ထမ်းများက ရထားလမ်းပိုင်းအား လမ-၆ ဖြင့် ညနေ ၅ နာရီ ၁၂ မိနစ်တွင် ခေတ္တ ပိတ်သိမ်းကာ အမြန်ဆုံး ပြန်လည်ပြုပြင်ခဲ့ကြောင်း သတင်းရရှိသည်။

 

မိုဃ်းကျ(မြစ်ကြီးနား)