အမျိုးသမီးစူပါလိဂ် အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၉) တွင် မန်စီးတီးက မန်ယူကို သုံးဂိုးပြတ်အနိုင်ရရှိခဲ့သောကြောင့် ဖလားဆွတ်ခူးရရှိရေး နီးစပ်လာပြီ ဖြစ်သည်။
ပုံစံကောင်း ပြသထားနိုင်သည့် မန်စီးတီးအသင်းသည် မန်ယူအသင်းကို ပွဲအစပိုင်းကတည်းက ဖိအားပေးကစားနိုင်ခဲ့ပြီး သွင်းဂိုးများ ရယူနိုင်ခဲ့သည်။ မန်ယူအသင်းသည် ဂိုးရရှိနိုင်သည့် အခွင့်အရေးဖန်တီးနိုင်ခဲ့သော်လည်း သွင်းဂိုးများအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပေ။
မန်ယူအသင်းသည် ယခုပွဲစဉ် ရှုံးနိမ့်မှုကြောင့် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲစုံ ခြောက်ပွဲတွင် ရှုံးပွဲလေးပွဲအထိ ရှိလာပြီး တစ်ပွဲသာ နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားနိုင်သည်။ ပြိုင်ဘက် မန်စီးတီးအသင်းက နောက်ဆုံး ငါးပွဲတွင် ရှုံးပွဲကြုံတွေ့ထားခြင်းမရှိဘဲ လေးပွဲအထိ နိုင်ပွဲရရှိထားသည်။ ထို့ပြင် မန်စီးတီးအသင်းသည် လာမည့်ဧပြီ ၅ ရက်တွင် အမျိုးသမီးအက်ဖ်အေဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဘာမင်ဂမ်အသင်းနှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
မန်ယူအသင်းက ဧပြီ ၁ ရက်တွင် အမျိုးသမီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနှင့် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။ မန်စီးတီးအသင်းသည် အမျိုးသမီး စူပါလိဂ်တွင် ၁၉ ပွဲ ကစားပြီး ၁၆ ပွဲနိုင်၊ တစ်ပွဲသရေနှင့် နှစ်ပွဲရှုံး ရလဒ်ရရှိထားသည်။
မိုးဇက်


