အမှုမဲ့အမှတ်မဲ့လုပ်မိနေတဲ့ သွေးတွင်းသကြားဓါတ်မြင့်တတ်စေနိုင်တဲ့ အရာလေးတွေ

ရေးသားသူ Aye Thi Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ခန္ဓါကိုယ်ကျန်းမာနေစေဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်စုံနေဖို့လိုပါမယ်။ ဒီလို ပြည့်စုံနေဖို့လိုတဲ့အထဲမှာ အချိုဓါတ်ကလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဒါပေမယ့် အချိုဓါတ်က လိုတာထက်ပိုများနေရင်လည်း ခန္ဓာကိုယ်အတွက် မကောင်းတာအမှန်ပါ။ ဒီတစ်ခေါက်တော့ ကိုယ်တိုင်တောင် မသိလိုက်ဘဲ လုပ်မိတဲ့ အလေ့အထတွေကြောင့် မလိုအပ်ဘဲ သွေးတွင်း သကြားဓါတ်မြင့်တက်မှု ဖြစ်စဉ်တွေမဖြစ်စေဖို့ ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။

 

အမှုမဲ့အမှတ်မဲ့ လုပ်မိနေတဲ့ သွေးတွင်းသကြားဓါတ်မြင့်တက်စေနိုင်တဲ့ အရာတွေက ဘာတွေများလဲ ကိုယ်နေ့စဉ်လုပ်မိနေတဲ့ အပြုအမူတွေကြောင့် သွေးတွင်းသကြားဓါတ်မြင့်တက်မှုမဖြစ်စေဖို့ဆိုရင် ဒီအချက်လေးတွေကို သိထားဖို့လိုပါမယ်။

 

နေလောင်တာ -နေလောင်တာကြောင့် စိတ်ဖိစီးမှုဖြစ်နိုင်ပါတယ်။ ဒီစိတ်ဖိစီးမှုကပဲ သွေးတွင်းသကြားဓါတ်ကို မြင့်တက်စေနိုင် ပါတယ်။

 

ပြုပြင်ထားတဲ့အချိုဓါတ်တွေ - လေ့လာမှုတွေလုပ်ဆောင်ဖို့ လိုအပ်သေးတယ်ဆိုပေမယ့် ပြုပြင်ထားတဲ့ အချိုဓါတ်တွေက သဘာဝ အချိုတွေထက် သွေးတွင်းသကြားဓါတ်ကို မြင့်တက်စေနိုင်ပါတယ်။

 

ကော်ဖီ -ကော်ဖီကို သကြားမထည့်ဘဲ သောက်ရင်တောင်မှ ကဖင်းဓါတ်ကြောင့် သွေးတွင်းသကြားဓါတ် မြင့်တက်နိုင်ပါတယ်။

 

အိပ်ရေးပျက်တာ – ညဘက်မှာ အိပ်ရေးပျက်တာက အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ကျဆင်းစေပြီး သွေးတွင်းသကြားဓါတ်ကို မြင့်တက်စေနိုင်ပါတယ်။

 

မနက်စာမစားတာ – မနက်ခင်းမှာ မနက်စာ မစားမစားဘဲ နေတာကလည်း သွေးတွင်းသကြားဓါတ်ကို တော်တော်လေး မြင့်တက်စေနိုင်ပါတယ်။

 

နေ့ခင်းနေ့လယ် – တစ်နေ့တာရဲ့နေ့လယ်ပိုင်း၊ ညနေပိုင်းတွေကို ရောက်လာတဲ့အခါမှာလည်း သွေးတွင်းသကြားဓါတ်က မြင့်တက်ပြီး ထိန်းချုပ်ဖို့ခက်နိုင်ပါတယ်။

 

မနက်ခင်းဖြစ်နေတာ – မနက်ခင်းမှာ ကိုယ်တွင်းဟော်မုန်းပမာဏတွေမြင့်တက်မှုကြောင့် ဆီးချိုရှိသူမှာရော ဆီးချိုမရှိသူမှာပါ သွေးတွင်းသကြားဓါတ် မြင့်တက်နိုင်ပါတယ်။

 

ရေဓါတ်နည်းတာ – ကိုယ်တွင်းမှာ ရေဓါတ်နည်းတာကြောင့်လည်း သွေးတွင်းသကြားဓါတ် မြင့်တက် နိုင်ပါတယ်။

 

နှာခေါင်းဖျန်းဆေးအသုံးပြုတာ – နှာစေးနှာပိတ်တာကို သက်သာစေဖို့အသုံးပြုတဲ့ နှာခေါင်း ဖျန်းဆေးတွေမှာ ပါတတ်တဲ့ ဓါတုပစ္စည်းတွေကလည်း သွေးတွင်းသကြားဓါတ်ကို မြင့်တက်စေနိုင်ပါတယ်။

 

သွားဖုံးရောဂါရှိတာ – သွားဖုံးရောဂါ ခံစားနေရတာကြောင့်လည်း သွေးတွင်းသကြားဓါတ် မြင့်တက်နိုင်ပါတယ်။ တစ်ခါတလေမှာ သွားဖုံးရောဂါခံစားနေရတာကသွေးချိုဆီးချိုရောဂါရှိနေတာရဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်နေနိုင်ပါတယ်။

 

အဖျားရှိနေတာ – အဖျားရှိနေတာကလည်း သွေးတွင်းသကြားဓါတ်ကို မြင့်တက်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။

 

တစ်နေ့တာ လုပ်ဆောင်မိနေတဲ့ အပြုအမူတွေထဲမှာ အခုပြောခဲ့တဲ့ အလေ့အထလေးတွေကို လုပ်မိနေမယ်ဆိုရင် သွေးတွင်း သကြားဓါတ်ကို မြင့်တက်စေနိုင်တာကြောင့် ဖြစ်နိုင်ရင် သတိထား စေချင်ပါတယ်။ ကဲ ….. မသိလို့လုပ်မိနေတယ်ဆိုရင်တောင် ဒီအလေ့အကျင့်လေးတွေကို အခုပဲ ဆင်ခြင်လိုက်ပါနော်။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”