ANA လေကြောင်းလိုင်း ဖူကူအိုကာ လေဆိပ်သို့ အရေးပေါ်ဆင်းသက်

၁၉ ဒီဇင်ဘာ

ဂျပန်နိုင်ငံအနောက်ပိုင်းမှ ပျံသန်းလာသော နစ်ပွန်လေကြောင်းလိုင်း လေယာဉ်တစ်စင်းသည်  တိုကျိုမြို့ ဟာနီဒါ လေဆိပ်သို့ ဦးတည်ပျံသန်းနေရာမှ အရေးပေါ်ဆင်းသက်ရန်အတွက် ဖူကူအိုကာလေဆိပ်သို့ နောက်ကြောင်း  ပြန်လှည့်ခဲ့ရသည်ဟု သိရသည်။

အဆိုပါ လေယာဉ်သည် ဂျပန်စံတော်ချိန် မနက် ၉ နာရီ ၅၀ မိနစ် ကျော်က အင်ဂျင်စက်ချွတ်ယွင်းမှုကြောင့် မနက် ၁၀ နာရီ ၁၅ မိနစ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရခြင်း ဖြစ်ကြောင်း ဘိုးအင်း 767 လေယာဉ်အမှုထမ်းများက ပြောကြားခဲ့သည်ဟု ဖူကူအိုကာ လေဆိပ်တာဝန်ရှိသူများက ဆိုသည်။

ယင်းသို့ လေယာဉ်အရေးပေါ်ဆင်းသက်ရာတွင် လေယာဉ်ပြေးလမ်းကို ကျော်လွန်ကာ လေယာဉ်ချဉ်းကပ်ပြေးလမ်းတွင် ရပ်တန့်သွားခဲ့သည်ဟု ဖော်ပြထားသည်။

ထိုလေယာဉ်ပြေးလမ်းကို မိနစ် ၃၀ ခန့် ပိတ်ခဲ့ရကြောင်းနှင့် လေယာဉ်ပေါ်ပါ လေယာဉ်အမှုထမ်း ရှစ်ဦးနှင့် ခရီးသည် ၂၇၀ ဦးတို့ထဲတွင် ထိခိုက်ဒဏ်ရာရသူ တစ်ဦးတစ်ယောက်မျှ မရှိကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဆိုသည်။

မြေပြင်မှလေယာဉ်ပျံတက်ပြီးနောက် လေယာဉ်မှူးအခန်းရှိ ဒိုင်ခွက်တွင် အင်ဂျင် အပူချိန်တစ်ရှိန်ထိုးတက်လာမှုကို အချက်ပြခဲ့ကြောင်း ANA လေကြောင်းလိုင်းက  ပြောကြားသည်။

လေယာဉ်မှူးများသည် ထိုအင်ဂျင်ကိုပိတ်ကာ ဖူကူအိုကာလေဆိပ်သို့ ပြန်လှည့်ကာ ပျံသန်းခဲ့သည်။

မျက်မြင်သက်သေများက စိုးရိမ်ဖွယ်ရာ သတင်းများနှင့်ဗွီဒီယိုဖိုင်များကို လူမှုမီဒီယာတွင် ပို့စ်တင်ခဲ့ကြသည်။

မြည်ဟိန်းသံတစ်ခု ကြားခဲ့ရကြောင်းနှင့် ထိုလေယာဉ် မီးလောင်နေသည်ကို တွေ့မြင်ခဲ့ရကြောင်းကို အချို့သောသူများက တွစ်တာတွင် ရေးသားဖော်ပြထားကြသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို