အနာဂတ်၏ ကမ်းလက်များ

ဒေါက်တာသီတာအောင်(အမျိုးသားသွေးဌာန)

 

ဇွန်လ ၁၄ ရက်နေ့ကတော့ ကမ္ဘာတစ်ဝန်း သွေးလှူရှင်တွေ ကိုဂုဏ်ပြုတဲ့ အမှတ်တရအခမ်းအနား ကျင်းပကြတဲ့နေ့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ဂုဏ်ပြုခြင်းထက်ပိုမိုတဲ့ သွေးလှူရှင်တွေ စွမ်းဆောင်ပေးခဲ့တဲ့ အဖြစ်အပျက် တွေကို အမှတ်ရစေပါတယ်။

 

သွေးလှူဒါန်းမှုတွေ ကျဆင်း

သွေးလှူဒါန်းမှုတွေနဲ့ဆက်စပ်တဲ့ ၂၀၁၉ ခုနှစ်ရဲ့ တိုးတက်ခဲ့မှုတွေကိုမဖော်ပြမီ အခုလက်တွေ့ တွေ့ကြုံနေ ရတဲ့ အခက်အခဲတွေကို မျှဝေလိုပါတယ်။ အခုနှစ်မှာ သွေးစုဆောင်းမှုတွေ အမှန်တကယ်ကျဆင်းခဲ့ပါတယ်။ အဓိကအရေး အကြီးဆုံးကတော့ မှန်ကန်တဲ့ အထောက် အထား၊ အချက်အလက်တွေအပေါ်မှာမူတည်ပြီး ဖြေရှင်းဖို့ပဲ ဖြစ်ပါတယ်။


ကမ္ဘာတစ်ဝန်းရင်ဆိုင်ရတဲ့ ကပ်ရောဂါဖြစ်နေလို့ ကမ္ဘာ့နိုင်ငံတိုင်းမှာ သွေးလှူဒါန်းမှုတွေ ကျဆင်းလာခဲ့ပါတယ်။ အဓိကအကြောင်းရင်းကတော့ ကူးစက်မြန်တဲ့ ရောဂါဖြစ်လို့ အသွားအလာ၊ အလုပ်အကိုင်တွေကို ကန့်သတ်လိုက်ရ တာကြောင့်ပဲ ဖြစ်ပါတယ်။


သွေးအသုံးပြုမှုတွေကို ကြီးကြပ်ကွပ်ကဲ

ကျဆင်းလာမယ့် သွေးလှူဒါန်းမှုတွေအတွက် အဓိကလိုအပ်တဲ့ လူနာတွေ ဒုက္ခမကြုံရအောင် အသုံးပြုမှုတွေကို အချိန်မီ ထိန်းကြဖို့ကလွဲလို့ ဖြေရှင်းဖို့နည်းလမ်း မရှိနိုင်ပါဘူး။ ဒါကြောင့် ကပ်ရောဂါအတွင်း ရှင်သန်ဖို့အတွက် သွေးလှူဘဏ်တွေသာမက သွေးအသုံးပြုတဲ့ ပညာရှင်တွေရဲ့ ပူးပေါင်းကူညီမှုကလည်း အရေးကြီးလာပါတယ်။ ဒါကြောင့် နိုင်ငံတစ်ဝန်းမှာရှိတဲ့ သွေးအသုံးပြုမှုတွေကို ကြီးကြပ်ကွပ်ကဲဖို့ ကော်မတီတစ်ရပ်ကို ဖေဖော်ဝါရီလမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်မှာ ဖွဲ့စည်းနိုင်ခဲ့ပြီး မတ်လမှာကျင်းပတဲ့ ပထမအကြိမ် အစည်းအဝေးရဲ့ဆုံးဖြတ်ချက်နဲ့ ခုတင် (၂၀၀) နှင့်အထက် ဆေးရုံတွေမှာ သွေးသွင်းကုသမှု ကြီးကြပ်ရေးကော်မတီ (Hospital Transfusion Committee) တွေကို ဖွဲ့စည်းဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လမ်းညွှန်ပေး နိုင်ခဲ့ပါတယ်။


မူလအသုံးပြုနှုန်းရဲ့ တစ်ဝက်ခန့်လျော့နည်း

သွေးဘဏ်တွေအနေနဲ့ သွေးအသုံးပြုတဲ့ အခြေအနေတွေကိုစိစစ်ပြီး သက်ဆိုင်ရာလုပ်ဆောင်မှုတွေကို ပြန်လည် ညှိနှိုင်းခဲ့ပါတယ်။ အမျိုးသားသွေးဘဏ်အနေနဲ့ ရန်ကုန်မြို့ပေါ်မှာ သွေးအများဆုံးအသုံးပြုတဲ့ ဆေးရုံကြီး သုံးရုံရဲ့ သွေးအသုံးပြုမှုကို နေ့စဉ်စိစစ်ပေးခဲ့ပါတယ်။ အခုဆိုရင် မူလအသုံးပြုနှုန်းရဲ့ တစ်ဝက်ခန့်လျော့နည်းသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် အခုနှစ် မတ်၊ ဧပြီ၊ မေလတွေမှာ လှူဒါန်းမှုပေါင်းဟာ ၂၀၁၉ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ၅၀ ရာခိုင် နှုန်းလောက် ကျဆင်းသွားခဲ့ပေမယ့် သွေးနဲ့အသက်ကယ်ဖို့ လိုအပ်တဲ့လူနာတွေ အခက်အခဲ မတွေ့ကြုံလိုက်ရတာပဲ ဖြစ်ပါတယ်။


ဒါဟာ အခုလအတွက် အဆင်ပြေနိုင်ပြီလို့ တွက်လို့မရသေးပါဘူး။ ရှေ့ဆက်ဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေး အခြေအနေ တွေအပေါ်မူတည်ပြီး ပြင်ဆင်ကြဖို့လိုအပ်ပါ တယ်။ ဆေးရုံတွေရဲ့ Hospital Transfusion Committee တွေဟာ အခုအချိန်မှာ သွေးအသုံးပြုမှုကို လုံးဝရှောင်လွှဲ လို့မရတဲ့ ကုထုံးအဖြစ်နဲ့သာ ဆက်လက်အသုံးပြုရန် ကြီးကြပ်ဖို့ လိုအပ်ပါတယ်။ အမျိုးသားသွေးဌာနအနေနဲ့ သွေးအသုံးပြုမှု ကြီးကြပ်မှုကော်မတီအနေနဲ့ကတော့ သွေးအသုံးပြုမှု ကို တတ်နိုင်သမျှ လျော့နည်းအောင် ညှိနှိုင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။

 

သွေးလှူရှင်တွေရဲ့ ဘေးကင်းလုံခြုံရေး

အခုအချိန်မှာ အရေးအကြီးဆုံး သတိပြုပေးရမှာကတော့ သွေးလှူရှင်တွေရဲ့ ဘေးကင်းလုံခြုံရေးပဲ ဖြစ်ပါ တယ်။ ဒါကြောင့် သွေးလှူဒါန်းထောက်ပံ့မယ့် စေတနာရှင်တွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ် ပေးထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း လွန်ခဲ့တဲ့ ၂၁ ရက်အတွင်း ခရီးဝေးသွားထားသူ၊ တုပ်ကွေးဖျားနာဖူးသူ၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရသူတွေကို လှူဒါန်း မှုမပြုဖို့ ဟန့်တားခဲ့ရပါတယ်။ ဒီလို ဟန့်တားခဲ့ရတာဟာ လှူဒါန်းမယ့် သွေးလှူရှင်တွေရဲ့ ကျန်းမာရေးထိခိုက်မှာ စိုးလို့ပဲ ဖြစ်ပါတယ်။


သွေးလှူရှင်တွေအားလုံး မျက်နှာဖုံးအကာအကွယ် တွေအသုံးပြုတာ၊ လက်တွေ သန့်ရှင်းရေးပြုလုပ်ဖို့ စီစဉ်ပေးတာ၊ သွေးလှူဒါန်းမှုအဆင့်တိုင်းမှာ တစ်ဦးနဲ့တစ်ဦး သုံးပေခန့်အကွာရှိစေဖို့ ဆောင်ရွက်ပေးတာ စတာတွေကို သွေးလှူရှင်တွေရဲ့ ပတ်ဝန်းကျင်ဘေးကင်းနိုင်ဖို့ စီစဉ်နိုင်ခဲ့ပါတယ်။ အစုအဖွဲ့လိုက် လှူဒါန်းလိုသူတွေ အတွက် လူဦးရေ ၃၀၀ ခန့် ဆံ့တဲ့ခန်းမမှာ တစ်ကြိမ်လျှင် လူဦးရေ ၅၀ အထိ စောင့်ဆိုင်းနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။

 

သွေးကတစ်ဆင့် ရောဂါပိုးမကူးစက်နိုင်

အခုလို ရောဂါပိုးကူးစက်မှုတွေရှိနေချိန်မှာ လူနာ တွေရဲ့ ဘေးကင်းလုံခြုံမှုကိုလည်း ထိခိုက်လို့မဖြစ်တဲ့ အတွက် စမ်းသပ်စစ်ဆေးမှုတွေ ပိုမိုဆောင်ရွက်ဖို့ လို၊ မလို ကိုလည်း လမ်းညွှန်မှုတွေနဲ့ ကိုးကားရပါတယ်။ WHO က ၂၀၀၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ SARS ရောဂါနဲ့ ၂၀၁၅ ခုနှစ် မှာ ဖြစ်ပွားခဲ့တဲ့ MERS ရောဂါတွေဟာ အခုဖြစ်ပေါ်တဲ့ ဗိုင်းရပ်စ်နဲ့ ပင်မမျိုးစိတ်ချင်းတူတဲ့အတွက် ၎င်းတို့ ဖြစ်ပွားချိန်မှာ ရှာဖွေခဲ့တဲ့ အချက်အလက်တွေအရ သွေးကတစ်ဆင့် ရောဂါပိုးမကူးစက်နိုင်ကြောင်း ထုတ်ပြန်ခဲ့တဲ့အတွက် လှူဒါန်းပြီးသွေးတွေကို အထူးတလည်စစ်ဆေးဖို့ မလိုအပ်ခဲ့ပါ။ သွေးလှူရှင်ဆန်းစစ်ခြင်းကိုသာ ပိုမို အလေးထားဆောင်ရွက်သင့်ကြောင်း အကြံပေးထားပါတယ်။


နှစ်ဆခန့် တိုးမြင့်လာ

ဒီလို ကုသရန်ခက်ခဲပြီး ကူးစက်မှုနှုန်းမြန်တဲ့ ရောဂါဖြစ်ပွားချိန်မှာ သွေးလှူဒါန်းမှု လျော့နည်းလာတာကို မလွဲမသွေကြုံတွေ့ကြရမှာဖြစ်ပါတယ်။ အထူးသဖြင့် အစုလိုက် သွေးလှူဒါန်းမှုတွေ ရပ်ဆိုင်းခဲ့ရတဲ့အတွက် ၅၀ ရာခိုင် နှုန်းသော သွေးလှူဒါန်းမှုတွေ လျော့ကျခဲ့ပါတယ်။ ဒါပေမဲ့ လှူဒါန်းနေကျ သွေးလှူရှင်တွေရဲ့ ပြန်လည်လှူဒါန်း မှုကိုတော့ အနည်းဆုံးပြန်ရဖို့ ကြိုးစားမယ်ဆိုရင် လူနာတွေအတွက် အခြေခံထောက်ပံ့မှုကိုတော့ ပြည့်မီနိုင်မယ်လို့ ယူဆရပါတယ်။


ဒါကြောင့် ပြန်လည်လှူဒါန်းနိုင်တော့မယ့် သွေးလှူရှင်တွေကို အသိပေးတဲ့ ဖုန်းခေါ်ဆိုမှုတွေကို မနေမနား ခေါ်ဆိုခဲ့ကြပါတယ်။ ဖုန်းခေါ်ဆို အသိပေးမှုကြောင့် ပြန်လည်လှူဒါန်းပေးတဲ့ သွေးလှူရှင်အရေအတွက်ဟာ ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်လိုက်ရင် နှစ်ဆခန့်တိုးမြင့်လာတာကို ဝမ်းသာဖွယ် တွေ့ရှိရပါတယ်။

 

မှတ်တမ်းပြုစု
၂၀၁၉ ခုနှစ်အစပိုင်းမှာ ပြန်လည်အဆင့်မြှင့်တင်ခဲ့တဲ့ သွေးလှူရှင်တွေကို မှတ်တမ်းပြုစုဖို့အသုံးပြုတဲ့ software ကို အသုံးပြုခဲ့တာကြောင့် အခုလို ပြန်လည်လှူဒါန်းမှုတွေကို အသိပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုးတက်လာတဲ့ နည်းစနစ်တစ်ခုကို စဉ်ဆက်မပြတ် အသုံးပြုခဲ့လို့ ရရှိလာတဲ့အကျိုးရလဒ်ပဲ ဖြစ်ပါတယ်။

 

ခွဲဝေသိုလှောင်နိုင်ခဲ့
ယခင်က အရေအတွက်အင်အားများစွာနဲ့ စုရုံးလှူဒါန်းနိုင်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်၊ မီးသတ် တပ်ဖွဲ့နဲ့ ကြက်ခြေနီတပ်ဖွဲ့တွေကလည်း တစ်ကြိမ်မှာ လူဦးရေ ၅၀ မှ ၇၀ ခန့်အထိ ခွဲဝေလှူဒါန်းမှုတွေအဖြစ် ပြောင်းလဲ ထောက်ပံ့ခဲ့ကြပါတယ်။ ဒါ့အပြင် အရေးပါတဲ့ အားကြီးတဲ့ အထောက်အပံ့ကတော့ သတင်းမီဒီယာတွေရဲ့ အသိပေး ကူညီမှုတွေပဲ ဖြစ်ပါတယ်။ ဧပြီနဲ့မေလအတွင်းမှာ အသက် ၃၀ နှစ်အောက် လူငယ်တွေရဲ့ ထောက်ပံ့မှုဟာ စုစုပေါင်း လှူဒါန်းမှုတွေရဲ့ ၆၇ ရာခိုင်နှုန်းအထိရှိကြောင်း တွေ့ရှိရပါတယ်။ ၎င်းတို့အနက် လေးပုံတစ်ပုံမှာ ပထမအကြိမ် လှူဒါန်းကြတဲ့ လူငယ်လေးတွေ ဖြစ်ပါတယ်။ အခုလို ကပ်ရောဂါကျရောက်ချိန်မှာ မိမိတို့ လူငယ်လေး တွေရဲ့ တာဝန်ယူနိုင်မှုဟာ အံ့ဩဖွယ်ဖြစ်တဲ့အပြင် ဝန်ထမ်းတွေအတွက်လည်း အင်အားဖြစ်ခဲ့ရပါတယ်။

 

WHO နဲ့ ISBT အဖွဲ့တွေက ပညာရှင်တွေရဲ့ အကြံပေး မှုကို ဦးစွာရယူနိုင်ခဲ့တဲ့အတွက် အချိန်မီ ပြင်ဆင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ အကြံပေးမှုကြောင့် ဝန်ထမ်းတွေ တာဝန်ထမ်းဆောင်ဖို့အတွက်လည်း စနစ်တကျ
အုပ်စုခွဲပြီး တာဝန်ထမ်းဆောင်နိုင်ဖို့၊ အသွားအလာ ဘေးကင်းစေဖို့ စီစဉ်ပေးနိုင်ဖို့ကို ကြိုတင်စီစဉ်နိုင်ခဲ့ပါတယ်။ သက်တမ်းရှည်ကြာစွာ သိုလှောင်နိုင်တဲ့ သွေး ပစ္စည်းတွေကိုလည်း ကြိုတင်စုဆောင်းခဲ့ပြီး အခြား ဒေသတွေ လိုအပ်ရင် ထောက်ပံ့နိုင်ဖို့ emergency stock အနေနဲ့ ၂၄ နာရီ ခုနစ်ရက် အပူချိန်ထိန်းနိုင်သော သိုလှောင်ခန်းတွေမှာ ခွဲဝေသိုလှောင်နိုင်ခဲ့ပါတယ်။ မည်သည့်ဒေသမှ လိုအပ်သည်ဖြစ်စေ အပူချိန်မှန်ကန်စွာ ထိန်းသိမ်းထားတဲ့ သယ်ပို့ယာဉ်တွေနဲ့ ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။

 

အံ့ဩဖွယ်တွေ့ရှိ
အခုအချိန်အထိ သွေးလှူရှင်တွေရဲ့ ဘေးကင်းလုံခြုံရေး၊ လူနာတွေအန္တရာယ်မဖြစ်စေရေး၊ သွေးအသုံးပြုမှုတွေကို စနစ်တကျ ဖြစ်စေရေး၊ သွေးလှူရှင်တွေကို နည်းပညာ အထောက်အပံ့ဖြင့် စုဆောင်းနိုင်ရေးတို့ကို စဉ်ဆက်မပြတ် ထောက်ပံ့နိုင်ဖို့အတွက် ဝန်ထမ်းတွေက စနစ်တကျ တာဝန်ခွဲဝေထမ်းဆောင်နေကြပါတယ်။ ကြုံတွေ့ရတဲ့ ကပ်ရောဂါမဖြစ်ပွားမီအထိ လွန်ခဲ့တဲ ၂၀၁၉ ခုနှစ်မှာတော့ သွေးလှူရှင်တွေရဲ့ ထောက်ပံ့မှုဟာ အမြင့်မားဆုံး ဖြစ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ၇၀၀၀၀ ခန့် လှူဒါန်းမှုမှ ၂၀၁၉ ခုနှစ်မှာ ၁၀၅၀၀၀ အထိ တိုးတက်ခဲ့လို့ သုံးနှစ်အတွင်း ၅၀ ရာခိုင်နှုန်းခန့် မြင့်တက်လာတာကို အံ့ဩဖွယ်တွေ့ရှိရပါတယ်။

 

အခြားညွှန်းကိန်းတွေအနေနဲ့ အစုအဖွဲ့လိုက် ထောက်ပံ့သူတွေက ၂၀၁၆ ခုနှစ်မှာ ၃၂ ဖွဲ့သာရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ၆၅ ဖွဲ့အထိ တိုးတက်လာခဲ့ပါတယ်။ ဒါဟာလည်း နှစ်ဆခန့် မြင့်တက်လာတာဖြစ်ပါတယ်။ တစ်နှစ်မှာ နှစ်ကြိမ်၊ သုံးကြိမ် ပြန်လည်လှူဒါန်းမှုတွေ ကလည်း ၅၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ စတင်လှူဒါန်းတဲ့ သွေးလှူရှင် အရေအတွက်ကတော့ သုံးနှစ်အတွင်းမှာ နှစ်ဆ မြင့်တက်ခဲ့ပါတယ်။ ဒီညွှန်းကိန်းတွေဟာ ပြည်သူတွေရဲ့ အကူအညီ အထောက်အပံ့ကို ပိုမိုရရှိလာကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း သွေးလိုအပ်နေတဲ့ လူနာတွေရဲ့ ၉၉ ဒသမ ၃ ရာခိုင်နှုန်းဟာ အပူအပင်လုံးဝမရှိဘဲ ကုသမှုကို ခံယူနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတွက် လွန်စွာဂုဏ်ယူဖွယ်ကောင်းတဲ့ ရလဒ်ဖြစ်ပါတယ်။


နည်းစနစ်တွေ ထူထောင်နိုင်

နိုင်ငံရဲ့ အခြားဒေသတွေမှာလည်း လူနာတွေလိုအပ်ပါက လာရောက်လှူဒါန်းပေးကြတဲ့ သွေးလှူရှင်တွေ အသင့်ရှိနေကြပါတယ်။ မလိုအပ်ခင် လှူဒါန်း၊ စစ်ဆေး၊ ပြင်ဆင်ပေးမှုကိုတော့ နေရာဒေသတိုင်းမှာ အဆင်သင့် မဖြစ်သေးပါ။ ဒီလိုဖြစ်ဖို့ကတော့ ဝန်ထမ်းအင်အား၊ ငွေအင်အား များစွာလိုအပ်နေပါတယ်။

 

အခုနှစ်မှာတော့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက မြို့ကြီးနှစ်မြို့မှာ တိုးချဲ့ထောက်ပံ့နိုင်ဖို့ ဝန်ထမ်းအင်အား၊ ဘဏ္ဍာငွေထောက်ပံ့မှုရရှိအောင် အင်တိုက်အားတိုက် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အမျိုးသား သွေးဌာနကလည်း ၎င်းဒေသတွေအတွက် အခြေခံလိုအပ်တဲ့ နည်းစနစ်တွေ ထူထောင်နိုင်ဖို့ ကူညီပေးနေပါတယ်။ ဒါမှလည်း ထောက်ပံ့မှုတွေ ရရှိတဲ့ အခါ ထိုက်သင့်တဲ့ တိုးတက်မှုရလဒ်ကို လူနာတွေခံစားနိုင်မှာ ဖြစ်ပါတယ်။


တောက်ပတဲ့အနာဂတ်ကို မြင်ယောင်မိ

နိုင်ငံတစ်ဝန်းလုံးမှာ လူနာတွေအတွက် ထောက်ပံ့လှူဒါန်းပေးကြတဲ့ သွေးလှူရှင်တွေအားလုံးကို ကျေးဇူးတင် ရှိပါတယ်။ အထူးသဖြင့် သမိုင်းဝင်ကပ်ရောဂါဖြစ်ပွားနေချိန်မှာ ထောက်ပံ့လှူဒါန်းပေးသူ တွေကတော့ လူနာတွေအတွက် ထောက်ပံ့ပေးမှုကို ဖြစ်စေရုံသာမကဘဲ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအတွက်လည်း အင်အားဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် လူငယ်မျိုးဆက်သစ်တွေရဲ့ စွမ်းဆောင်မှုတွေကို တွေ့ကြုံရတော့ တောက်ပတဲ့ အနာဂတ်ကို မြင်ယောင်မိပါတယ်။ ဒီကပ်ရောဂါ ဘေးဆိုးကြီးကင်းဝေးသွားတဲ့အခါ ပိုမိုခိုင်မာစွာ စည်းရုံး ထောက်ပံ့ကြမယ်လို့ ယုံကြည်မိပါတယ်။ လိုအပ်မှုကို ကူညီပေးနိုင်မယ့် ပြည်သူတွေ သိရှိအောင် အချိန်မီ သတင်းဖြန့်ဝေပေးခဲ့ကြတဲ့ သတင်းမီဒီယာတွေရဲ့ ကူညီမှုစွမ်းအားဟာလည်း လွန်စွာကြီးမားတဲ့ အထောက်အပံ့ ကောင်းဖြစ်ပါတယ်။


အခုလို အခက်အခဲတွေကြားကနေ လူနာတွေအတွက် ကူညီနိုင်သကဲ့သို့ သုံးစွဲမှု၊ ထောက်ပံ့မှု၊ ဝန်ဆောင်မှု ပေးသူတွေအားလုံး ဟန်ချက်ညီညီ ဝိုင်းဝန်းကူညီရင်းနဲ့ လူနာတွေ အပူအပင်ကင်းအောင် ဆက်လက်ကြိုးစား ပေးကြပါလို့ တိုက်တွန်းအပ်ပါတယ်။   ။

ပိုမိုစွမ်းဆောင်နိုင်မယ့် အနာဂတ်မျိုးဆက်သစ်များ ရဲ့ ကမ်းလက်များကို ကြိုဆိုရင်းဖြင့် .............