နီဇော်သစ်

 

ပြီးခဲ့သည့် သင်္ကြန်တွင်းလောက်က Blood Free ဆိုသည့် ကိုရီးယားဒရာမာဇာတ်လမ်းတွဲတစ်ပုဒ် ကြည့်ဖြစ်သည်။ ဇာတ်လမ်းထဲမှ မင်းသမီးဦးဆောင်သည့် Blood Free ကုမ္ပဏီမှာ အသားတုထုတ်လုပ်သည့် ကုမ္ပဏီဟုဆိုနိုင်သည်။ သို့သော် ကျွန်တော်တို့သိထားသည့် အသားတုများကဲ့သို့ သစ်ဥသစ်ဖုများနှင့် လုပ်ထားသည့် အသားတုမျိုးမဟုတ်။ ဇီဝနည်းပညာသုံးပြီး ဓာတ်ခွဲခန်းထဲတွင် ဖန်တီးထားသည့် အသားတုများ၊ အသက်ဇီဝကို ဖျက်ဆီးခြင်းမရှိသော်လည်း သက်ရှိဖြစ်စဉ်အတိုင်း ဖန်တီးထားသည့် အသားတုများဖြစ်သည်။ မင်းသမီးက အမဲဖျက်ထားသော အသားများကို စားစရာမလိုတော့ဟု ကြွေးကြော်သည်။

 

ဇာတ်လမ်းမှာ ကိုရီးယားဒရာမာတို့ ထုံးစံအတိုင်း နိုင်ငံ့ထိပ်ဆုံးပိုင်းအထိ အာဏာနှင့် စည်းစိမ်လုပွဲများဖြင့် စိတ်ဝင်စားစရာကောင်းအောင် ခင်းကျင်းထားသည်။ ထိုဇာတ်ကားကို ကြည့်စဉ်က နည်းပညာများနှင့် အလှမ်းဝေးသော အရပ်ဒေသတွင် နေထိုင်သူ၊ ယနေ့ခေတ်အခေါ် တောသားတစ်ယောက်ပီပီ ကိုရီးယားတွေ တော်တော်စိတ်ကူးယဉ်နိုင်တာပဲ ဟု ထိုနည်းပညာအပေါ် တွေးမိ၏။

 

စိတ်ကူးယဉ်မဟုတ်… လက်တွေ့

 

သို့သော် နောက်ပိုင်း မိုက်ခရို ဆော့ဖ်စီအီးအို မူစတာဖာ ဆူလီမန်၏ The Coming Wave စာအုပ်ကို ဖတ်မိပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်သည့်အခါမှ “ဒါ စိတ်ကူးယဉ် မဟုတ်ဘူး၊ တကယ်ဖြစ်နေတာဟ” ဆိုပြီး အထိတ်တလန့် ဖြစ်ရသည်။ ဓာတ်ခွဲခန်းထုတ်အသားများ (lab grown meats) သည် ကမ္ဘာကို တော်တော်လေး ထိုးဖောက်နေပြီ။ သူ့ကို ဖြစ်စေသည့် ဇီဝအတုနည်းပညာဟု ဆိုနိုင်သော Synthetic Biology သည် အရှိန်ရနေပြီဖြစ်သည့်အပြင် ကြောက်သူကပင် ကြောက်နေကြပြီ။ ကျွန်တော်တို့ ထိုအကြောင်းများနှင့် မထိတွေ့နိုင်သေး။

 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဩစတြေးလျမှ တက်လာသည့် သတင်းတစ်ပုဒ်မှာ စိတ်ဝင်စားစရာကောင်းသည်။ ဩစတြေးလျ-နယူးဇီလန် အစားအစာ စံနှုန်းသတ်မှတ်မှုအဖွဲ့က ဆဲလ်ပြုပြင်နည်းဖြင့် ပြုလုပ်ထားသော ငုံးသား များကို စားစရာအဖြစ် ခွင့်ပြုနိုင်ရန် ဩစတြေးလျ-နယူးဇီလန် အစားအစာစံနှုန်း ဥပဒေကို ပြင်ဆင်ရန် ပြည်သူများထံမှ အကြံဉာဏ်တောင်းသည့် သတင်းဖြစ်သည်။ ယင်းမှာ ဩစတြေးလျတွင် ပထမဆုံး ထုတ်လုပ်မည့် ဓာတ်ခွဲခန်းထုတ်အသား။ စံနှုန်းအဖွဲ့က အတည်ပြုရန် လုပ်ငန်းစဉ်မှာ တစ်နှစ်ခန့် ကြာဦးမည်ဆို၏။ သို့သော် ဓာတ်ခွဲခန်းထုတ်အသားများကို အတည်ပြုပေးထားသည့် နိုင်ငံများရှိနေပြီ။

အရင်ဆုံး အသိအမှတ်ပြုသည်က စင်ကာပူ။ ၂၀၂၀ ပြည့်နှစ်တွင် အသိအမှတ်ပြုသည်။ နောက်အမေရိကန် ပြည်‌ထောင်စုနှင့် အစ္စရေး။ သူတို့က ၂၀၂၃ ခုနှစ်တွင် အသိအမှတ်ပြုသည်။ နောက်ဆုံး အတည်ပြုထားသည့် နိုင်ငံက ဗြိတိန်။ ယခုနှစ် ဇူလိုင်လတွင်မှ အတည်ပြုထားခြင်းဖြစ်သည်။ အီတလီက ဖရန်ကင်စတိုင်းဟု အမည်တပ်ပြီး လုံးဝပိတ်ပင်ထားသည်။ အခြားအီးယူနိုင်ငံများက လှုပ်ရှားမှု နည်းသေး၏။ ယခု ဩစတြေးလျက အတည်ပြုနိုင်ရန် ကြိုးစားနေပြီ။ အမေရိကရှိ အချို့ပြည်နယ်များက အသိအမှတ်ပြုသော်လည်း အသား၊ အမဲသားဟု တံဆိပ်တပ်ခြင်းကိုမူ ခွင့်မပြု။ အချို့နိုင်ငံများတွင် တရားဝင် အတည်ပြု၊ မပြု သတ်မှတ်ခြင်းမရှိ သေးသည့်တိုင် ဈေးထဲသို့ ရောက်နေကြသည်လည်း ရှိသည်။

 

တိုးပွားနေသော စီးပွားရေးနယ်ပယ်

 

မည်သို့ဆိုစေ ဓာတ်ခွဲခန်းထုတ် အသားများ သို့မဟုတ် ဇီဝနည်းပညာအသားတုများသည် ခြေကုပ် တစ်ခု ယူထားနိုင်ပြီ။ ယမန်နှစ်ကအထိ ဈေးကွက်တန်ဖိုး အမေရိကန် ဒေါ်လာ ၂၇၂ ဒသမ ၄ သန်း ရှိနေ ပြီး ၂၀၃၄ ခုနှစ်တွင် ဒေါ်လာ ၆ ဒသမ ၇ ဘီလီယံအထိ ရှိလာမည်ဟု ခန့်မှန်းထားကြသည်။ တိုးပွားနေသော စီးပွားရေးနယ်ပယ်တစ်ခုပင်။ ရှေ့ဆက်ကြည့်လျှင် ၂၀၅၀ ပြည့်နှစ်၌ ဒေါ်လာ ၂၂၉ ဘီလီယံ ရှိလာမည်ဟု ခန့်မှန်းထားသည်။ ထိုစီးပွားရေးနှင့် ထိုနည်းပညာ ခန့်မှန်းထားသည့်အတိုင်း တိုးတက်ဖြစ်ထွန်းရန်အတွက် အခြားနည်းပညာများကဲ့သို့ပင် လူထု၏ဆန္ဒတစ်နည်းအားဖြင့် ဝယ်လိုအားက အဓိကကျမည်သာ။ အထူးသဖြင့် ဩစတြေးလျကဲ့သို့ ဒီမိုကရေစီနိုင်ငံမျိုးတွင် လူထုဆန္ဒ အရင်တောင်းခံနေရသည်ကိုကြည့်လျှင် သိနိုင်သည်။

 

လူထုဆန္ဒမှာ တကယ်ဘေးကင်းသည်ဆိုလျှင် ရှေ့ကပြောခဲ့သလို “အမဲဖျက်စရာ မလိုသည့်အသားများ စားရမည်” ဆိုသည့် စကားနှင့်ပင် သေချာပေါက် ပါလာကြလိမ့်မည်။ သို့သော် နိုင်ငံရေး၊ စီးပွားရေး လူ့မလိုင်ကြီးများကိုမူ ထိုစကားလောက်နှင့် ဆွဲဆောင်နိုင်မည်မဟုတ်။ Blood Free ဇာတ်ကား ထဲမှ မင်းသမီးက သူ့ကုမ္ပဏီမှ အကြီးအကဲတစ်ယောက်ကို “သူတို့က အမဲဖျက်တာ မဖျက်တာ အရေးထားတာမဟုတ်ဘူး။ နွား တစ်ကောင်မွေးတာဟာ ကားတစ်စီးထက်ပိုပြီး ကာဗွန်ထုတ်လွှတ်မှု များတယ်ဆိုပြီး သဘာဝပတ်ဝန်းကျင် ဘက်ကနေ လှည့်ပြီးတော့ ဆွဲဆောင်ရတာ” ဟု ပြောပြနေသည်ကို တွေ့ရ သည်။ ထိုအချက်မှာလည်း အမှန်ပင်။ ထို့ကြောင့် အသားတု လုပ်ငန်းများက အထက်ပါ နှစ်ချက်အပြင် စားရေရိက္ခာဖူလုံစေပြီး ငတ်မွတ်မှုများ ပပျောက်စေမည်၊ ကျန်းမာရေးနှင့် ပိုမိုကိုက်ညီသော အသားကိုရွေးချယ်နိုင်မည်၊ တိရစ္ဆာန်များမှဖြစ်သော ကူးစက် ရောဂါများမှ ကင်းဝေးစေမည်ဆိုသည့် ခေါင်းစဉ်များနှင့် ဆွဲဆောင်နေကြခြင်းဖြစ်သည်။ ကိုရိုနာ ဗိုင်းရပ်စ်ဒဏ် အလူးအလဲခံခဲ့ သော၊ ယခုလည်း ဘာမှန်းသိပ်မသိသေးသည့် နိုရိုဗိုင်းရပ်စ်၏ ခြိမ်းခြောက်မှု ခံနေရ‌သော ကျွန်တော်တို့ မျိုးဆက်အတွက် ဆွဲဆောင်မှုကောင်းများ ဖြစ်နိုင်ပါသည်။

 

ဆင့်ကဲတိုးတက်လာခြင်း

 

ဓာတ်ခွဲခန်းထုတ် အသားများသည် ဇီဝအတုနည်းပညာဟု ဆိုနိုင်သည့် Synthetic Biology ခေါင်းစဉ်အောက် တည့်တည့်တွင်ရှိသည်။ ထိုနည်းပညာသည် တစ်ချိန်ကခေတ်စားခဲ့သော မျိုးဗီဇပြုပြင်သည့် နည်းပညာ (Genetic Engineering) ထက် ပိုမိုကျယ်ပြန့်ပြီးနက်ရှိုင်းသည်။ ဇီဝနည်းပညာ (Biotechnology) နယ်ပယ်ထဲတွင် ပါဝင်သည်။ ဒီအင်န်အေ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း တိုးတက်လာရာမှ ပေါ်ပေါက်လာသည့် နည်းပညာဟု ဆိုနိုင်သည်။ ကျွန်တော်တို့သည် ၁၉၅၀ ပြည့် လွန်နှစ်များအတွင်း ဒီအင်န်အေ တို့ကို စတင်တွေ့ရှိသည်။ ဒီအင်န်အေတို့သည် သတင်းအချက်အလက်များ သိမ်းဆည်းထားသည့် ဇီဝနည်းပညာ ဖြစ်သည်ဟု သဘောပေါက် သွားချိန်တွင် ဒီအင်န်အေ သင်္ကေတများကို ဖြေထုတ်ပြီး ဖတ်နိုင်လာသည်။ ၁၉၇၀ ပြည့်လွန် နှစ်များတွင် ဒီအင်န်အေများကို သက်ရှိတစ်မျိုးမှ နောက်တစ်မျိုးသို့ ကူးပြောင်း ပေးလာနိုင်သည်။ ယင်းမှာ မျိုးဗီဇ နည်းပညာခေတ်ဖြစ်သည်။

 

၂၀၀၃ ခုနှစ် အိမ်ဖြူတော် ပွဲတစ်ပွဲတွင် ၉၂ ရာခိုင်နှုန်းသော လူသားမျိုးဗီဇကို ချိတ်ဆက်နိုင်ပြီဖြစ်ပြီး အသက်ဇီဝ၏ လျှို့ဝှက်သင်္ကေတမှာ ယခုအခါဘွားဘွားကြီးပေါ်လာပြီဟု ကြေညာခဲ့ခြင်းမှာ သမိုင်းမှတ်တိုင် တစ်ခုပင်။ ယခုအချိန်တွင်မူ ထိုနည်းပညာများသည် ပေါ်ခါစကထက် ကုန်ကျ စရိတ် အဆပေါင်း သန်းနှင့်ချီ၍ ကျဆင်းသွားပြီဖြစ်သလို သုံးရလည်းပိုလွယ်လာသည်။ 23andMe လိုမျိုး ဝန်ဆောင်မှု လုပ်ငန်းများသည် လူတစ်ဦးတစ်ယောက်ချင်းစီအတွက် ဒီအင်န်အေ မှတ်တမ်းတင်ခြင်းကို ဒေါ်လာရာဂဏန်း အနည်းငယ်ဖြင့် လုပ်ပေးနေပြီဖြစ်သည်။

 

အကောင်းနှင့် အဆိုး

 

ထို့ထက် ပိုဆန်းသည်မှာ CRISPR မျိုးဗီဇ တည်းဖြတ်ခြင်း (Clustered Regularly Interspaced Short Palindromic Repeats)ဖြစ် သည်။ စာသားများ၊ ကွန်ပျူတာ ကုဒ်များကဲ့သို့ပင် မျိုးဗီဇများကို ကျွန်တော်တို့ တည်းဖြတ်နိုင် ကြောင်း သက်သေပြသည့် နည်း ပညာ။ ဖိုင်ဇာ၊ မိုဒါးနားစသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဖော်ထုတ်ရာတွင် ထိုနည်းပညာ ပါဝင်သည်။ ဆားစ်ကာကွယ်ဆေးတွင်လည်း ပါဝင်သည်။ ဆေးဝါး ထုတ်လုပ်ရေး၊ ရောဂါရှာဖွေရေးနှင့် ကုသရေးတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ စိုက်ပျိုးမွေးမြူရေးတွင်လည်း ပိုးမွှားများကို တိုက်ဖျက်ရာတွင် ပါဝင်နေသည်။

 

သို့သော် …

မူစတာဖာ ဆူလီမန်က ကိုဗစ်-၁၉ မတိုင်မီ သူတက်ခဲ့ရသော ဇီဝ နည်းပညာ တံခါးပိတ်ဆွေးနွေးပွဲတစ်ခုမှ သိလာရသည့် ထိတ်လန့်ဖွယ်ရာ သတင်းစကားတစ်ခုကို ယခုလို ရေးပြထားသည်။

 

“မကြာမီ အချိန်အတွင်းမှာ လူတချို့က သဘာဝမှာ တွေ့ရတာထက် ပိုကူးစက်လွယ်ပြီး သေစေနိုင်တဲ့ ရောဂါပိုးမွှားတွေကို ဖန်တီးနိုင်တော့မယ်။ အဲဒီပိုးမွှားအတုတွေက ရှိပြီးသားကာကွယ်ရေး နည်းလမ်းတွေကို ကျော်လွှားနိုင်မယ်။ ရောဂါလက္ခဏာမပြဘဲ ပျံ့နှံ့နိုင်တယ်။ ကုသမှုတွေကို ခုခံနိုင်မယ်။ ဘယ်သူမဆို လုပ်ချင်ရင် ဒီအင်န်အေ အိမ်တွင်း စမ်းသပ်ပစ္စည်းတွေကို အွန်လိုင်းကမှာပြီး အိမ်မှာပဲ ဖန်တီးနိုင်တယ်။ မေးလ်နဲ့မှာလို့ရတဲ့ ကမ္ဘာပျက်ကိန်းပေါ့။”

 

ယင်းမှာ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းမဟုတ်။ တင်ပြသူမှာ ဆယ်စုနှစ် နှစ်ခုကျော် အတွေ့အကြုံရှိသော လေးစားရသည့် ပါမောက္ခကြီးတစ်ယောက်။ ပစ္စုပ္ပန်တွင် ကြုံနေရသည့် အသက်ဘေးဖြစ်သည်ဟုလည်း သူကဆိုသည်။ ထုံးစံအတိုင်းပင် နည်းပညာတစ်ခု၏ ကောင်းကျိုးကိုလိုလားလျှင် ဆိုးကျိုးအတွက်လည်း ပြင်ဆင်ထားရမည်ဖြစ်သည်။

 

Ref: https://www.beefcen-tral.com/news/feedback-sought-on-application -to- allow-lab- grown-meat-inaustralia/

https:// www. market-sandmarkets. com/Market-Reports/

https://www.globenew-swire.com/newsrelease/2024/11/05/2974675/28124/en/Cultured- Meat-Market-Trends