အန္ဒိယနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ရုရှားနိုင်ငံ ရောင်းချမည်

မော်စကို ၁၈ စက်တင်ဘာ

အန္ဒိယဆေးဝါးကုမ္ပဏီ Dr Reddy's Laboratories သို့ စပွတ်ညစ်-ဗွီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ သန်း ၁၀၀ ရောင်းချရန် သဘောတူခဲ့ကြောင်း ရုရှားနိုင်ငံ၏ ဗိုင်းရပ်စ် ကာကွယ်ဆေးစီမံကိန်းကို ငွေကြေးမတည်သည့် Sovereign Wealth Fund ကပြေားကြားလိုက်သည်။

ရုရှားနိုင်ငံက ပြည်ပသို့ စပွတ်ညစ်-ဗွီ ဗိုင်းရပ်စ်  ကာကွယ်ဆေး ဖြန့်ဖြူးရေးစီမံချက်များ အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်။

ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (RDIF) က ရုရှားနိုင်ငံမှ ရေနံနှင့်လက်နက်များအဓိကဝယ်ယူသည့် အိန္ဒိယနိုင်ငံ၌ ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၃၀၀ ထုတ်လုပ်ရန် အိန္ဒိယဆေးဝါးကုမ္ပဏီများနှင့် သဘောတူညီမှုများ ရရှိပြီးနောက် ယခုသဘောတူညီချက်ကို ရရှိခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ထိပ်တန်းဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် Dr Reddy's Laboratories အနေဖြင့် အိန္ဒိယနိုင်ငံ၌ ဗိုင်းရပ်စ်ကာကွယ်ဆေး အဆင့် (၃) လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း RDIF က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံရှိ အာဏာပိုင်များ၏ စမ်းသပ်မှုများနှင့် မှတ်ပုံတင်ခြင်းတို့ ပြီးစီးမှသာ အိန္ဒိယနိုင်ငံသို့ ဗိုင်းရပ်စ် ကာကွယ်ဆေးများပေးပို့မှုကို ယခုနှစ်ကုန်တွင် စတင်နိုင် မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ ရုရှားနိုင်ငံသည် အဆင့်(၃) လက်တွေ့စမ်းသပ်မှုများ မပြီးစီးမီ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ခွင့်ရသည့် ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ သို့သော် သိပ္ပံပညာ ရှင်များ၊ ဆရာဝန်များက ရုရှားနိုင်ငံလုပ် စပွတ်ညစ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေး၏ ဘေးအန္တရာယ်ကင်းမှု၊ ထိရောက်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေကြသည်။

စပွတ်ညစ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေး အဆင့် (၁) နှင့် အဆင့် (၂) စမ်းသပ်မှုရလဒ်များက အလားအလာကောင်း များပြသခဲ့ကြောင်း Dr Reddy's Laboratories ၏ ပူးတွဲ ဥက္ကဋ္ဌ ဂျီဗွီပရာဆတ်အား ကိုးကား၍ RDIF က ထုတ်ပြန် ချက်အတွင်း ပြောကြားခဲ့သည်။

ကိုးကား-ပီတီအိုင်၊ ဘာသာပြန်-ကျော်ထိုက်စိုး