အင်းစိန်၊ မင်္ဂလာဒုံနှင့် လွိုင်လင်မြို့နယ်တို့တွင် မူးယစ်ဆေးများ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၈
 
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ၂နာရီတွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်း(အရှေ့)ရပ်ကွက်၊ မင်းဓမ္မလမ်းတွင် စိုင်းဇော်ခင်(ခ)ကိုစိုင်း မောင်းနှင်ပြီး တင်ဝင်းမောင်၊ မသီတာတင်(ခ)ထက်ထက် နှင့် ကိုကိုနိုင်(ခ) စောင်းစောင်း တို့ လိုက်ပါလာသည့် PROBOX အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀  သိမ်းဆည်းရမိခဲ့ပြီး ည ၈ နာခွဲတွင် မင်္ဂလာဒုံမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ ကံ့ကော်(၁)လမ်းရှိ ချမ်းမြေ့ဆောင်(ခ)ကိုချမ်း ၏နေအိမ် သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀၀ ကိုလည်းကောင်း။ 

ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄နာရီ ၁၅မိနစ်တွင် လွိုင်လင်မြို့နယ်၊ ပင်လုံ(အရှေ့) ကျေးရွာအုပ်စု၊ ကျူရုံးကျေးရွာအနီး၊ ပင်လုံ-လဲချားသွားကားလမ်းတွင် ကြည်စိုး မောင်းနှင်လာသည့် CROWN အမျိုး အစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ငွေကျပ်သိန်း ၁,၂၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၀၀,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ညနေ ၅နာရီ ၁၅ မိနစ်တွင် စိတ်ကြွရူး သွပ်ဆေးပြား လက်ခံမည့် သူများဖြစ်ကြသည့် ခွန်စောနိုင်(ခ)ခွန် ပန်းလှိုင်၊ ခွန်ဝမ်းတူး နှင့် ခွန်အောင်ကျော်ဇေယျ (ခ)ကိုတလိုင်း တို့ကို လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ မင်္ဂလာရေကန်အနီး၌ CROWN အမျိုးအစားမော်တော် ယာဉ် တစ်စီးဖြင့်လည်းကောင်း၊ ည ၈နာရီတွင် ဝင်းမြင့် ကို တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

ရဲပြန်ကြား