အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို Swab ယူစစ်ဆေးရာ (၅၁) ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

 

ရန်ကုန် ဇူလိုင် ၄

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို Swab ယူ စစ်ဆေးရာ (၅၁) ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

 

အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်း၊ တွဲလက်လူမှုကူညီရေးသင်းနှင့် စိန်ရတနာ နာရေးကူညီမှုအသင်းများရှိ တာဝန်ရှိသူများ ပူးပေါင်း၍ ဇူလိုင် ၃ ရက် နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ရပ်ကွက်များအတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို သွားရောက်၍ ခေါ်ဆောင်ကာ အင်းစိန်(GTI) Quarantine Center (၃) တွင် Swab ယူ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး (၅၁) ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

 

အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်မှ (၁) ဦး၊ စဉ့်ငူရပ်ကွက်မှ (၁) ဦး၊ မြို့သစ် (ဂ) ရပ်ကွက်မှ (၁) ဦးနှင့် ဒညင်းကုန်းရပ်ကွက်၊ ရန်ကုန်တာယာစက်ရုံမှ (၄၈) ဦး စုစုပေါင်း (၅၁) ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသဖြင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများသို့ အသီးသီး ပို့ဆောင်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းများနှင့် တာဝန်ရှိသူများက  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)